03 October 2008

ရင်လှိုက်ပိုး


ရင်ထဲ အသည်းထဲထိအောင်လှိုက်စားတတ်တဲ့ ပိုးမို့ ရင်လှိုက်ပိုးလို့ အမည်တပ်လိုက်ပါတယ်။ အဲဒီပိုးက တစ်ချိန်လုံးထကြွလေတဲ့ပိုး ပြန်လည်ဖျောက်ဖျက်ပစ်ဖို့ ခက်ခဲစေတဲ့ပိုးပါ။ အခုလည်း ကျနော့မှာ ရင်လှိုက်ပိုး ရှိနေခဲ့ပါပြီ။

ဒီနှစ်ရဲ့အစ မတ်လရဲ့နေ့တစ်နေ့မှာ ကျနော်တို့သူငယ်ချင်းတွေစုပြီး မုန့်ဟင်းခါးချက်စားကြတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ကွန်ပြူတာကိုသုံးပြီး သင်တန်းတစ်ခုက ညီမငယ်တစ်ယောက်နဲ့စကားပြောဖြစ်တယ်။ သူစာဖတ်နေတယ်တဲ့။ ကျနော်သိတဲ့ ညီမငယ်တစ်ယောက် စာရေးနေတယ်ဆိုပါလား။ သူပေးထားတဲ့ လင့်လေးကနေ သွားကြည့်မိတယ်။ “ရွှေပြည်သူ” ပါတဲ့။ Mayonnaise ပုလင်းနဲ့ကော်ဖီ (၂)ခွက် ပို့စ်လေးက တော်တော်ကို ကောင်းပါတယ်။ မူရင်းအင်္ဂလိပ်လိုကို မေးလ်မှာဖတ်ခဲ့ဖူးတယ်။ ဘာသာပြန်တော်တဲ့ညီမငယ်ရဲ့စာက ကျနော့ရင်ဘတ်ကို ထိရှခဲ့ပါတယ်။ ပြီးတော့ကျနော်တို့သူငယ်ချင်းတွေ စိတ်ဝင်စားပြီး အပြန်ပြန်အလှန်လှန်ကြည့်နေမိတာက စကားပြောတဲ့ ခွေးကလေး ဗီဒီယိုဖိုင်လေးပါ။ ညီမငယ်ရွှေပြည်သူဆီကို ဖုံးဆက်ပြီးစတော့ သူ့ခမျာထိတ်ထိတ်ပြာပြာဖြစ်ခဲ့ရှာတယ်။ ရွှေပြည်သူဆိုတာ သူပါလို့ သိတဲ့လူသိပ်မရှိခဲ့လို့ပါ။ ညီမငယ်ရေ ခုတော့ ၀ဋ်ဆိုတာ ၀ါမထပ်ဖူးတဲ့ နောက်တစ်နှစ်တောင်မကူးလိုက်ပါဘူးဗျာ။ အဲဒီကမှ ကျနော်စာရေးချင်တယ်ဆိုတဲ့ အကြောင်းပြောဖြစ်တယ်။ မူလဦးတည်ချက်ကတော့ ကျွန်းအိပ်မက်လိုစာတွေ ရေးပေးချင်လို့ပါ။ တွေ့သမျှလူတိုင်းရဲ့ ထပ်တူညီတဲ့ မေးခွန်းတွေရဲ့ အဖြေကို တစ်နေရာရာမှာ စုထားခဲ့ချင်မိတာ။ မအားမလပ်တဲ့ကြားကနေ သူဆောက်ပေးထားတဲ့ ဒီဘလော့လေးထဲမှာ အရင်နှစ်က ရေးဖူးခဲ့တဲ့ စာအဟောင်းလေးကိုပဲ အားမနာလျှာမကျိုး သူ့ကိုပဲစာရိုက်ဖို့အကူအညီတောင်းပြီး တင်စေခဲ့တယ်။ မညီးမညူကူညီတဲ့ အပြင်အားပေးမှုတွေပါပေးခဲ့တဲ့ ရွှေပြည်သူပါပဲ။

ဆောက်ပြီးတဲ့ ဘလော့အသစ်ကလေးကို အစ်ကိုရုပ်ဆိုးကို ပြကြည့်မိတယ်။ ရောဂါပိုးကို တစ်ယောက်တည်း မခံစားပဲ ဖြန့်ကျက်ခံစားခဲ့မိတယ်။ အချိန်တွေကို အလဟဿကုန်မှာထက်စာရင် ၀ါသနာပါတဲ့ စာရေးခြင်းနဲ့ကုန်ဆုံးချင်မိတယ်။ ပျင်းရိညီးငြွေ့ဖွယ်ကောင်းတဲ့ ညနေတွေကို အသက်ဝင်အောင်ကြိုးစားနေခဲ့တာပါ။ တကယ်တန်းတော့ ကျနော်က စာရေးဆရာတစ်ယောက်မဟုတ်ခဲ့သလို ဘလော်ဂါတစ်ယောက်လို့လည်း မဆိုနိုင်ပါဘူး။ အမှန်က ကျနောဟာ စာရေးသူတစ်ယောက်သက်သက်ရယ်ပါ။ ဒါပေမယ့် ကျနော်ရေးခဲ့တဲ့ စာတွေတိုင်းမှာ ကျနော်အားတွေထည့်ခဲ့ပါတယ်။ တစ်နေ့တစ်ပုဒ်တင်ရမယ်ဆိုပြီး ပြီးစလွယ်ပေါ့ပျက်ပျက် မတင်ရက်ခဲ့ပါဘူး။ အကြိုက်မတူ အတွေးမတူ အယူအဆမတူခဲ့ရင် လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ သို့ပေမယ့် လှောင်ပြောင်ပြက်ရယ်ပြုခြင်းကိုတော့ ကျနော့ စိတ်ကလက်မခံနိုင်ပြန်ပါဘူး။ စာရေးနေတဲ့ စာရေးသူတစ်ယောက်ဆိုရင် ဒီခံစားချက်ကို နားလည်ပေးနိုင်မယ်ထင်ပါတယ်။ စာမရေးတတ်ဘူး ပေါက်ကရတွေရေးနေတယ် ဘာတွေရေးမှန်းမသိဘူးဆိုရင်တော့ တကယ့်ကို အရည်အချင်းမပြည့်ဝတဲ့ လိုအပ်ချက်တော်တော်များများနဲ့ စာရေးသူတစ်ယောက်ဟာ ကျနော်ပါပဲလို့ အမှန်အတိုင်းဝန်ခံပါတယ်ဗျာ။

စာရေးခြင်းဆိုတဲ့ ဟောဒီရင်လှိုက်ပိုးကို အူလှိုက်သည်းလှိုက်အကိုက်ခံရပြီးပါပြီ။ တစ်နေ့တစ်နေ့ဝင်မကြည့်ရ မဖတ်ရရင်မနေနိုင်တဲ့ အရှေ့အရှေ့က စီနီယာတွေလို ဘလော့ရောဂါက တော်တော်ကို ကျွမ်းနေခဲ့ပြီ။ ကုသလိုမရနိုင်တော့တဲ့ တစ်ချိန်လုံး တလှုပ်လှုပ်တရွတရွဖြစ်စေတဲ့ အဲဒီရင်လှိုက်ပိုးက အခုအချိန်မှာ အမြစ်တွယ်တာ မှတော်တော်နဲ့ကို ခွာချလို့မရနိုင်တော့အထိ……………………………….

15 comments:

Nieve said...

ဘာပဲဖြစ်ဖြစ် ဆက်ရေးပါဦးကွယ်။
ဖတ်ချင်နေပါသေးတယ်။

Anonymous said...

အဲ့ဒီပိုးက စားရေးချမှပဲ ပျောက်တယ် သတ်မရဘူးဗျ သိပ်တော့ အလေးမထားပါနဲ့  သူတို့ ပြောချင်တာပြောပေါ့ ကိုယ်က စားရေးပြီး ၀မ်းစာရှာနေတာမှမဟုတ်တာ ကိုယ့်ဝါသနာအရ ကိုယ်ရေးတာ အစ်ကိုက ကျနော့်ထက် ပိုရင့်ကျက်တာပဲ ခံနိုင်ရည်ရှိမယ်ထင်တယ် ဒါမျိုးတွေက ဖြစ်တက်တဲ့ သဘောတွေ ဘလော့ရပ်ဝန်းက အမှိုက်စလေးအချို့ ပေါ့ အဲ့ဒါကို ကိုယ်က လှည်းကျင်းနိုင်ပါမှ အိုကေ မှာ သဘောပေါက်တယ်ဟုတ် :P

khin oo may said...

ဘယ်သူ ကများ စိတ်ထိခိုက်အောင် လုပ်ပါလိမ်.။ အစ် မမဟုတ်ဘူး နော်.. စိတ်ကို လျော့ပြီး ignore လုပ်ဘို.ကြိုးစားပါလေ. ကိုယ်ရေးချင် တာ ရေးရရင် ပြီးရောပေါ့.။ နားလည်တဲ့ဝါသနာ တုတဲ့ သူ အချို့ နဲ့ ခင်မင် ခွင့်ရတယ် ဆိုရင် လဲ. မဆိုးပါဘူး။ ကိုယ်ရေးတာ ကို လူ တိုင်း ကြိုက် လိမ့်မယ် လို့ အစ ကတည်း ကမှ မမျှော်လင့် ထား သလို ကိုယ့် ကို ကိုယ် လဲ မင်းသီင်္ခ လို့ မှ အစ ကတည်း ကမထင် ထားဘဲ။ ဟုတ်တယ် ဟုတ်….

ဝေလေး said...

အစ်ကိုရေ......
ဘယ်သူတွေဘာပြောပြော ဆက်ရေးပါလို့ပဲတောင်းဆိုချင်ပါတယ်
:)

မောင်ဖားကြီး said...

အစ်ကိုရေ ဆက်သာရေး။ င်္ဒီပိုးက ဘယ်သူ့အတွက်မှ မဟုတ်ဘူးဗျ ။ ကိုယ့်စိတ်ကိုယ် အဆာပြေဖို့ရေးနေတာ
အစ်ကို့ အနုပညာစိတ်ကို ကျွန်တော် ယုံကြည်ပြီးသား

RePublic said...

မ KOM ပြောသလိုပါပဲ ကိုရွာသားလေးရေ ၊၊
မမဂွိ ကို ထောက်ခံမဲပေးလိုက်မယ်နော် ၊၊ ဟားဟား
ပျော်ရွှင်ပါစေဗျာ ...

ပန်းခရမ်းပြာ said...

ရင်လှိုက်ပိုးလေး ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်တယ်။

ဇင်ယော် said...

အဲဒီပိုးကို ဒီအတိုင်းပဲ မွေးထားဗျ။ သတ်လိုက်ရင် တခြားပိုးတွေ ရောက်လာမှာ ကြောက်ဘူးလား။ ပြောမယ့်သာပြောရတာ ခုအဲဒီပိုး နှိပ်စက်တာ တဖြည်းဖြည်းနဲ့  လူလည်း ချိကုန်း ဖြစ်နေပြီဗျ။

ဗီလိန် said...

ကြည့်... ကိုရွာသားလေးကတော့လုပ်ပြီ။
မရွှေပြည်သူကပေးတဲ့ပိုးကို ဘယ်သူ့ဆီ လက်ဆင့်ကမ်းလိုက်တာလဲ။ သိတယ်မလား။ ဗီလိန်ဆိုတဲ့ကောင်ကလည်း အစတည်းက အဲဒီပိုးကိုရှာနေတာ။ ကိုရွာသားလေးနဲ့တွေ့မှတည့်တည့်ကိုတိုးတော့တာ။ ဟဲဟဲ ပြန့်ပွားချက်ကလဲ မြန်ပါ့။ ဘာပဲဖြစ်ဖြစ် အဲဒီပိုးအတွက်ကျေးဇူးပဲဗျို့။ ဇင်ယော်ပြောသလို တခြားပိုးမလားနိုင်တော့ဘူး။ :D

Moe Cho Thinn said...

ရွာသားရေ
ရွာသားလို စာရေးကောင်းဖို့လဲ ခက်တယ်။ ဒါ့အပြင် နေ့တိုင်းရေးနိုင်ဖို့ကလဲ ပိုလို့ ခက်သေးတယ်။
စာတွေဖတ်ကြည့်လိုက်ရင် ပေါ့ပျက်ပျက် ရေးထားတာမဟုတ်မှန်းလဲ သိခဲ့ပါတယ်။
အဲဒီ ရင်လှိုက်ပိုး ကလေး ဆက်ရှင်သန်နေပါစေလို့..

မိုးမြင့်တိမ် said...

"ရင်လှိုက်ပိုး" ခိုက်တယ်ဗျို့ ။ အဲဒီ ရင်လှိုက်ပိုးလေးကို ထာဝရ မွေးမြူထားလိုက်ပါဗျာ။ စာရေးခြင်းဟာ စိတ်ကို အပန်းပြေစေသလို ကိုယ်ကိုယ်တိုင်လည်း စာများများဖတ်ဖြစ်စေပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဆက်ရေးပါဗျာ။ အားပေးနေတယ်။

ကိုရုပ်ဆိုး said...

ဟား...ဟား...ဟား... ရင်လှိုက်ပိုးတဲ့။ ငါ့မလည်း ပိုးရှိလို့ ရှိမှန်းမသိဖြစ်နေပြီ။ ဆေးသွားစစ်ဦးမှ :) ဒီပိုးကိုတော့ မသတ်ချင်ပါဘူး။ အဲဒီပိုးရှိလို့ အဲဒီပိုးရှိနေတဲ့လူတွေနဲ့ ခင်ရ၊ မင်ရ၊ ဆုံစည်းရတာ။ ဘယ်လောက်ပျော်ဖို့ကောင်းလဲ။ လောကကြီးဆိုတာ ဒီလိုနေတတ်ရင် ကျေနပ်စရာကြီးပါလို့ ပိုလိုတောင်သိခဲ့ရတာ။ ဘလော့ဂ်ဂါတစ်ယောက်ဖြစ်ရတာ ပိုလိုတောင် ဂုဏ်ယူမိတယ်။ မသတ်ဘူးဟေ့ .. မသတ်ဘူး။ ကြီးထွားအောင်ကိုမွေးမှာ ....။

ရွှေပြည်သူ (ShwePyiThu) said...

ပိုးမွေးသလိုကို အတိအကျ တယုတယ မွေးရမယ့် ပိုးလေးပါ ကိုရွာသားလေးရယ်။ အဲဒီပိုးလေးမွေးဖို့ အားပေးအားမြှောက်လုပ်ခဲ့မိလို့လည်း ဘယ်တော့မှာ နောင်တရမှာ မဟုတ်ပါဘူး။ ကိုရွာသားလေးလို စာရေးအား တွေးအား အရေးအသား သိပ်ကောင်းတဲ့လူအတွက် ဒီBlogလေး အသက်ဝင်လာဖို့ တထောင့်တနေရာက ကူညီခဲ့ရတာကို အမြဲဝမ်းသာ ဂုဏ်ယူနေခဲ့တာပါ။ လှောင်ဖို့သက်သက် ပြောတဲ့စကားတွေက ဝေဖန်ချက်အစစ်အဖြစ် တန်းမ၀င်လို့ ဥပက္ခာသာ ပြုထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ပိုးလေးကိုတော့ မသတ်လိုက်ပါနဲ့ ကိုရွာသားလေးရေ...

ဂျူနို said...

အဲ့ဒီပိုးကို သတ်လိုက်ရင်တခြားပိုးတွေ သောင်းကျန်းနိုင်တယ်။
လူကိုအကျိုးပြုတဲ့ ပိုးအနေနဲ့ မွေးထားလိုက်။

Unknown said...

စာပိုဒ်ပေါင်း ၁၇၀ ဖတ်ပြီးတဲ့အချိန်မှာ ရွာသားလေးရင်ထဲ အမြစ်တွယ်နေတဲ့ ရင်လှိုက်ပိုးက တကောင်တည်း ဘယ်ဟုတ်တော့မလဲ သားသမီးတွေပွားနေပြီ ဒီတော့ ၀ါသနာတွင်မက သံယောဇဉ်ပါတွယ်လာတာပေါ့ (ဆက်ရေးပါ အမြဲအားပေးနေပါတယ် စာကောင်းလေးတွေပါ)