07 September 2008

ဘိုးလေးခင်မောင်အလှူ သို့မဟုတ် ကံရွာအပြန် (၂)



မနက်မိုးလင်း တောရွာမိုးအလင်းက မြို့လိုမဟုတ်ပြန်။ ဆူညံခြင်းအလျင်းမရှိ တိတ်ဆိတ်ငြိမ်သက်လျက်။ မနက်ခင်း ထမင်းကြော်ပဲရှိတယ်။ ထမင်းကြော်စားပြီးတော့ ဘာမှလုပ်စရာမရှိတော့။ အိမ်ဘေးက မုန့်ဖြူမုန့်နီတွေကြော်နေကြပြီ။ ခေါင်းအုံးပုံ ဖျာပုံတွေကြော်နေကြလို့ ကျနော့်အကြိုက်ဖက်လုံးပုံပါထည့်ကြော်ခိုင်းရတယ်။ ပြီးတော့ အနောက် ဖက်က ဖျာတွေယိုင်ပတ်နေကြတာဘာပါလိမ့်ဆိုပြီး စပ်စုမိတယ်။ နောက်မှသိရတာက ပေါက်ပေါက်ဆုပ်လုပ်ဖို့ဆိုပါလား။ စားနေကြ ပေါက်ပေါက်ဆုပ်က ဘယ်လိုလုပ်တာပါလိမ့်နဲ့ သိချင်စိတ်အပြည့်။ နောက်နေ့များမှာတော့ အဲဒီဖျာတွေနားမယ် တ၀ဲလည်လည်။ ပိုက်ဆံတွေကို အရုပ်တွေ ခေါက်နေကြတာလည်း စိတ်ဝင်စားစရာကောင်းသေးတော့။ ဒေါင်းပုံစံခေါက်နေလိုက်တာ တကယ့်ဒေါင်းရုပ်လေးလို။

အလှူကူလုပ်သူတွေကို ထမင်းကျွေးတာမို့ ထမင်းဟင်းက အလျှံပယ်။ ရေချိုငါးတွေကို စပယ်ရှယ်ချက်ပေမယ့် ငါးမကြိုက်လေတဲ့ကျနော့အတွက် ကဒုက္ခ။ လက်ဖက်သုတ်ပန်းကန်ကို ကိုင်ပြီး အပီတွယ်ရတော့တာပါပဲ။ အမေတို့ကတော့ ငါးဆီဗောင်းလေး လတ်မှလတ်ဆိုပင်မယ့် ကျနော့အတွက်က အလကား ငါးဟင်း။ လက်ဖက်သုတ်လောက်မက်စရာမရှိ။

အလှူနေ့မှာကျွေးတာက ၀န်ကြီးလေးပါး။ ခုခေတ်မင်္ဂလာဆောင်များ အလှူများတွေ့ရင် ကျနော်တို့ရွာက လူတွေနောက်တစ်ခေါက်လာဝံ့စရာမရှိ။ လာလိုက်စားလိုက်ကြတာက ရွာလုံးကျွတ် ရွာနီးချုပ်စပ်က နီးစပ်ရာအမျိုးတွေကလည်းပါတယ်လေ။ ယိုင်ပတ်ထားတဲ့ ထမင်းကျွေးရုံတွေနဲ့ အ၀ါတစ်လှည့် အပြာတစ်လှည့်တုံကင်လေးတွေတန်းစီလို့။ ပဲဟင်းလိုက်လေတဲ့ လူတွေလည်းမနိုင်။ မိုးပြဲဒယ်နဲ့ချက်ထားတဲ့ ထမင်းတွေကို ထမင်းတောင်း (၀ါးနှီးနဲ့ရက်ထားတဲ့ တောင်းတွေမှာ အင်ဖက်လေးတွေခံထားတဲ့) နဲ့ဟောတစ်တောင်း ဟောတစ်တောင်း။ ငြုတ်သီးချက်လေးက ကောင်းချက်တော် မောင်မင်းကြီးတို့ ဒီထက်လှူနိုင်တန်းနိုင်ပါစေဆိုတာတစ်မျိုး၊ နင့်ဘိုးအေခင်မောင်က ဒီတစ်ခေါက်ပဲလှူမှာ စားမှာသာစားစမ်းပါ နင်တို့ကလည်းအားမရသာ ဆိုတာကတစ်ဖုံ၊ ထမင်းကလည်းပေးလိုက်တာ နှာလောက်ရယ် ထည့်ပါဟဲ့ အကြွေးဆပ်သလိုဆိုတာကလည်း ပါ။ ပွက်ပွက်ညံလေတဲ့ ထမင်းရုံကို ရန်ကုန်က Sedona ထက် နှစ်ထောင်းအားရရှိလှပါတယ်။

အလှူလှည့်မယ်ဆိုတော့ ရွာရဲ့အလှအပ ကွမ်းတောင်ကိုင်တွေနဲ့ ရှိုးတွေစမိုးတွေထုတ်ထားပါတဲ့ ရွာရဲ့ အလှူတန်းက အရှည်ကြီး။ ပိုက်ဆံကြဲမယ့်လူမရှိတော့ အမေက အဲဒီတာဝန်ကိုယူလိုက်တယ်။ ဘိုးလေးခင်မောင်ရဲ့ စုဆောင်းထားသမျှအကြွေစေ့အသစ်ကလေးတွေ အဟောင်းလေးတွေထဲမှာ ပေါက်ပေါက်လေးတွေထည့်ပြီး ကီမိုနိုအစိမ်းရောင်လေးနဲ့ ခပ်တည်တည် အရှေ့ဆုံးက ချီတက်လေရဲ့။ ဘေးနားကပ်ရပ်က ဘောင်းဘီတိုလေးနဲ့ကျနော်က လက်ဆွဲပြီးပါသေး။ ဒါတင်မကသေး တစ်ဖက်ကကြဲပြီးတိုင်း ကျနော်က လက်တစ်ဆုပ်ပြန်ပြန်တောင်းပြီး အိတ်ထဲကိုထည့်သေးတာ။ ဘောင်းဘီအိတ်ထဲမှာဖောင်းကားနေတော့အောင်။ ဘုန်းကြီးကျောင်းမရောက်ခင် ဖလားထဲက အကြွေတွေကုန်ခဲ့စေတာပေါ့။

ကျောင်းဝင်းထဲဝင်ပြီဆိုကတည်းက ဆိုကြကကြတာတွေကို ရပ် အားလုံးတိတ်ဆိတ်တဲ့ ကျောင်းဝန်းရဲ့ အရှိန်နဲ့ ရောင်ပြန်ဟပ်ခဲ့တယ်။ ကိုရင်တွေသင်္ကန်းတောင်းချိန်မှာ ကျနော်လည်းတောင်းချင်လိုက်တာ။ တရားနာချိန်မှာတော့ ကျောင်းဝန်းထဲက သစ်ပင်တွေအောက်ဆီခြေလှမ်းမိတယ်။ သရက်ပင်တွေအရိပ်က အအေးသားလား။ တရားရိပ်က ပိုအေးနိုင်ပေမယ့် ခုခဏတော့ ဝေးနေသေးတယ်။

ကိုရင်အကြီးက ကတုံးရိပ်နေချိန်မှာ ငြိမ်နေပေမယ့်။ ကိုရင်ငယ်ကတော့ စတင်အော်ငိုနေခဲ့ပြီ။ ဆံပင်ညှပ်ရင်တောင်ငိုတတ်လေတော့ ကတုံးတုံးမှပိုဆိုးတော့တာပေါ့။ အိမ်ပြန်ကျမယ်ဆိုတော့ အိပ်ရာအသစ်တွေမှာအိပ် အ၀တ်အစားအသစ်တွေနဲ့ ကတုံးအသစ်တွေတင် ရှုံ့ခွက်ရှုံ့ခွက်လုပ်တာမဟုတ်ပဲ မိခင်ကလည်း ထားခဲ့ရာမှာ စိတ်မချသလို သူပါရောငိုချင်နေလေရဲ့။ အားလုံးကြောက်ရတဲ့ ဆရာတော်က ကိုရင်တွေအထဲဝင် ဒကာတွေလည်း မှောင်ပြီပြန်ကြတော့ကွာဆိုမှ အားလုံးဦးချပြီး ပြန်ခဲ့ရတယ်။

အလှူရယ်ပြီးပြန်တော့ ဘိုးလေးတို့နှစ်ယောက်ကမ္ဘာက တိတ်ဆိတ်လို့ကျန်ခဲ့ပြန်ရော။ အလှူပြီးပြီဆိုမှ အနီးအနားက အမျိုးတွေအိမ်ကို လည်ရတယ်။ ၀င်သမျှအိမ်တိုင်းက ကျွေးသမျှ မုန့်ပဲသရေစာတွေက၀မ်းအပြင်အိတ်မပါဘူးဆိုတာနဲ့ စားရတာ မဆန့်တော့ဘူး ရပ်ပါတော့မယ် ဖြစ်ယူရော။

နောက်တနေ့ မြေပဲနှုတ်လိုက်ခဲ့ပါလို့ ကိုရင်သာဂိတို့ခေါ်တာနဲ့ ကျနော်တို့ညီအစ်ကိုနှစ်ယောက်မိုးမလင်းခင် လှည်းနောက်ကလိုက်ခဲ့ရတယ်။ ကျနော့အတွက် အခက်အခဲက သောက်ရေ။ ယာထဲမှာ ဘယ်သူမှသောက်ရေအေးမသောက်ကြ။ အကြမ်းလေးတွေကိုယ်စီနဲ့ ရေဆိုအေးနေမှကြိုက်လေတော့ ရေနွေးကိုသောက်ပင်မယ့် ရေငတ်ရယ်ဘယ်မပြေ။ ငှက်တွေထောင်လည်းထောင် ပစ်လည်းပစ်တဲ့ ကိုရင်သာဂိက အပြန်မှ ခါတစ်ကောင်စီလက်ဆောင်ပေးလိုက်ပါသေးတယ်။

ဦးကြီးအောင်မြင့်။ အခုကောရှိသေးရဲ့လားမသိ။ ရွာတောင်ပိုင်းမှာနေတဲ့ ကျနော်တို့ရဲ့ဦးကြီး။ ဘိုးလေးခင်မောင်တို့နဲ့ အမျိုးအရင်းပေမယ့် သဘောမတူတဲ့မိန်းမကိုယူတယ်ဆိုပြီး ပစ်ထားတဲ့ဦးကြီး။ တောသူတောင်သားတွေက မကြိုက်ဘူးဆိုရင် တသက်လုံးကိုမကြိုက်တော့တာ။ ငတို့ကသေသည်အထိ အဆက်အဆံမလုပ်ဘူးတဲ့။ အင်းဦးကြီးတို့မှာဆင်းရဲရှာပါတယ်။ မြစ်ဟိုဘက်ကမ်းကို သွားပြီးအလုပ်လုပ်ရပါတယ်။ ငါ့တူကြီးတို့ ငါ့ညီမကြီးတွေဆိုပြီး တခုတ်တရ ကျွေးတာတွေကို မြိုမကျပေမယ့် သူတို့စေတနာကို အသိမှတ်ပြုရာရောက်အောင်အားရပါးရစားပြရပါတယ်။ ကျနော်တို့ရဲ အိမ်အပြန်ခရီးမှာ ဒီဦးကြီးတွေရဲ့ မေတ္တာတွေက တကယ့်ကိုအစစ်အမှန်တွေဆိုတာပြခဲ့ပါတယ်။

အိမ်ပြန်ရမယ်ဆိုတော့ ထမင်းလာမစားလို့ရယ် စိတ်ဆိုးတဲ့လူကစိတ်ဆိုး။ လက်ဆောင်တွေက ကျနော်တို့ရွာအထိမ်းအမှတ်မြေပဲဆီတွေ။ ကျနော့အထင် လေးထောင့်ပုံးနဲ့ လေးပုံးလောက်ကို ပေးလိုက်ကြတာ။ မြေပဲ ထောပတ်ပဲ မောင်မခေါ်ပဲတွေက ၂နှစ်သုံးနှစ်စားလို့မကုန်နိုင်။ မယူလို့ချန်ခဲ့တာတွေသိရင်တော့ စိတ်မကောင်းဖြစ်ကြမှာ။

အပြန်မင်းကင်းမှာ သင်္ဘောစီးရမယ်ဆိုတော့ ညနေဘက်ဖြစ်ပြန် နွားလှည်းနဲ့ပြန်ရင် ညရေးညတာ စိတ်မချစရာ။ ဟိုးဘက်ဆီက နာမည်ကျော်တဲ့ ထမံသီဆိုတော့။ ဦးကြီးအောင်မြင့်တို့သားအဖတွေက လှေကလေးနဲ့လိုက်ပို့ပါတယ်။ နွေအခါမို့ သောင်တွေက ဟိုတစ်စ ဒီတစ်စထွန်းနေပြီ။ သောင်စပ်ရောက်ရင်လှော်တက်ခက်ဖို့တောင် ရေမနက်တော့တာမို့ ဦးကြီးတို့သားအဖတွေ လှေကို အောက်ဆင်းပြီး ကြိုးနဲ့ဆွဲကြရတယ်။ လေးမှာမို့ အောက်ဆင်းပါရစေဆိုတော့ ငါ့တူကြီးတွေ အပေါ်မှာပဲနေပါကွာတဲ့။ ကျွဲပခုန်းထသည်အထိ ရုန်းခဲ့ရတာ ဒါလောက်က အရာမထင်ပါဘူးတဲ့။ တကယ်ကို ပင်ပန်းခံနိုင်ကြပါပေတယ်။ လှေအပေါ်က အမေတို့မှာတော့ မျက်ရည်လေးတွေအလည်သားနဲ့ သူ့တို့မောင်ကြီးတွေပင်ပန်းရှာတယ်ပေါ့။

အပြန်သင်္ဘောက ရေစုန်ရယ်မို့ နောက်တစ်နေ့နေ့လည်မှာ ပြန်ရောက်ကြပြီ။ ပေးလိုက်တဲ့ လက်ဆောင်ထုပ်တွေကို နေရာချရင်း အမေတို့သားအမိတွေ ဘယ်သူကဘယ်လို ဘယ်သို့ကဘယ်ပုံဆိုပြီး အလှူအကြောင်းကိုစလိုက်တာ ည ၁နာရီထိုးတော့မှ အလှူဇာတ်လမ်းပြောခန်းကနေ ရပ်တော့တယ်။ ရပ်မယ့်သာရပ်လိုက်တာပါ လက်ဆောင်ပေးလိုက်တဲ့ ဆီတွေရယ် ပဲတွေရယ် သုံးတိုင်း သုံးတိုင်း ဒီအလှူရယ်က ရင်ထဲပြန်ပြန်ရောက်ရောက်လာရော………..

3 comments:

Moe Cho Thinn said...

စာရေးတော်တော်ကောင်းတယ်။
ဆီတွေပေးလိုက်တာတော့ သဘောကျတယ်ကွာ။ အညာပဲဆီ စစ်စစ်တွေ..။

RePublic said...

ဖွဲ့ဖွဲ့ နွဲ့နွဲ့ ကို ရေးနိုင်စွမ်းရှိတဲ့ ကို ရွာသားလေးရဲ့ ပို့စ်တွေ ကို ဖတ်တိုင်း မရိုးနိုင်ပါဘူး ၊၊

ခင်မင်အားပေးနေလျက်ပါဗျာ ၊၊

Unknown said...

အလှူထမင်းဟင်းများ စားလို့ ကောင်းလိုက်တာ ဗိုက်ဆာနေချိန်နဲ့အတော်ပဲ
ရွာသားလေးက သိပ်မှတ်ဉာဏ်ကောင်းတာပဲကိုး
ရေးထားတာများ ကိုယ်တိုင်လိုက်လာရသလိုပဲ အလှူမြင်ကွင်းကို မြင်ယောင်မိတယ် (ဘောင်းဘီအိတ်လေးထဲ အကြွေစေ့နဲ့ ပေါက်၂ဆုပ်ထည့်တဲ့ပုံလေးပါ ပါတယ်နော့) ရွာဖက်တွေက လူတော်၂များ၂က သိပ်ရိုးသားဖော်ရွေကြတာပဲ