27 September 2008

ပထမဆုံးပြည်ပခရီး သို့မဟုတ် အကြောက်တရားတို့ကျဆုံးခန်း(၄)

နောက်တစ်ပတ်ကိုတော့ ဟိုတယ်အသစ်ကိုရွှေ့ရပါတော့မယ်။ ရှင်းရတဲ့ဟိုတယ်ခထဲမှာ ရေသန့်ဗူးဖိုးက မတန်ဆုံးပါ။ ပထမဆုံးနေ့ပဲ အလကားပေးပြီးနောက်နေ့ကစလို့ သောက်သမျှပေးခဲ့ရတာ။ နောက်တစ်ပတ်က စက်ရုံကိုသွားလေ့လာရမှာမို့ စက်ရုံနဲ့နီးတဲ့ နေရာမှာပါ။ စက်ရုံကိုသွားဖို့ ကားလာကြိုပေးပါတယ်။ ဒီဟိုတယ်ကမနက်စာ မကောင်းပေမယ့် တော်တော်များများ အင်္ဂလိပ်လိုပြောနိုင်ကြတယ်။ ဟိုတယ်ရောက်တဲ့ ပထမဆုံးညမှာတော့ အိပ်လို့မပျော်တာမို့ တစ်ယောက်တည်း စလောင်းကိုကြည့်ရင်း Ring 2 ကိုကြည့်လိုက်မိတယ်။ ဇာတ်ကားလာတာကလည်း ၁၂နာရီကျော်ပြီဆိုတော့ ညဉ့်နက်နက်မှာတစ်ယောက်ထဲ ကြည့်ရင်းသွေးပျက်ခဲ့တဲ့ညတစ်ည အဖြစ်အမှတ်ရမိတယ်။

စက်ရုံထဲမှာပဲ ကန်တင်းရှိပြီး ကန်တင်းရဲ့ အစားအစာတွေကိုပြင်ပထက်စျေးချိုအောင် ဖြည့်စွမ်းပေးထားတဲ့ အစီအစဉ်ကို နှစ်ခြိုက်မိတယ်။ Table Tennis ခုံကိုလည်း စနစ်တကျ လုပ်ပေးထားတာ တွေ့တော့ ရုံးမှာခုချိန်ထိ အရေးဆိုနေတာ မအောင်မြင်သေးဘူးဆိုတာ သတိရမိပြန်ရော။ အအေးခန်းဆိုတဲ့ အနုတ်၄ဒီဂရီအခန်းကို ဝင်ကြည့်ပြီး ပြန်ထွက်လာတော့ နှာခေါင်းမကောင်းတဲ့ကျနော့အတွက် ဟတ်ချိုးချီနေခဲ့တာ တော်တော်လေးပင်ပန်းတယ်။ တော်သေးတယ် မြန်မာပြည်သားဖြစ်ပေလို့ ရုရှားမှာများနေရရင် ချီရတာနဲ့တင် အသက်ပါနိုင်တယ် အဟုတ်။

အဲဒီမှာ ကျနော့ရဲ့ ideal တစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ သူ့အသက်က ၃၂လောက်တော့ ပျော့ပျော့ရှိရော့မယ်။ အော်တိုမေးရှင်းအင်ဂျင်နီယာဆိုတော့ ကျနော့အိပ်မက်ကို သူကလက်တွေ့အကောင်အထည်ဖော်သူပေါ့။ ကျနော်တို့သင်ယူလာတဲ့ စာတွေကို သူ့ကိုမေး လက်တွေ့တွေ စမ်းခိုင်းနဲ့ တော်တော်အဆင်ပြေပါတယ်။ တော်တော်လေး သဘောကျတဲ့အချက်က သူ့အလုပ်ကို ရုံးလာစရာမလိုပဲ သူအင်တာနက်ကနေလည်းလုပ်လို့ရတယ်လေ။ စက်ရုံကပေးထားတဲ့အိမ်လေးမှာနေ ကားနောက်မှာ စက်ဘီးတစ်စီးတင်ပြီး ကမ္ဘောဒီးယားကိုပတ်စီးနေတတ်တယ်။ မြန်မာနိုင်ငံကိုလည်းလာလည်ဦးမယ်တဲ့ ။ကျိုက်ထီးရိုးကိုလည်း သိပြန်သေးသဗျ။ သူ့လိုအခြေအနေမျိုးကိုရောက်ဖို့ ကျနော်တော်တော်ကြိုးစားရဦးမယ်။ သူကလည်းအားပေးပါတယ် မင်းငယ်သေးတာပဲ ကြိုးစားပါတဲ့။ ဖြစ်နိုင်ဘူးထင်ပါရဲ့။

စက်ရုံထဲက အလုပ်သမားတော်တော်များများက အင်္ဂလိပ်လိုမတတ်ကြပါဘူး။ Supervisor လောက်ကနေသာ ပြောတတ်ကြတာ။ ကျနော်တို့ဆီမှာတော့ တော်တော်များများ ပြန်မပြောရင်သာနေမယ် နားလည်ကြပါတယ်။ တစ်ချို့ကလည်း နိုင်ငံအကြောင်း၊ ဘာသာရေးအကြောင်းတွေ မေးမြန်းစူးစမ်းကြတာပေါ့။

ဒီတစ်ပတ်ရုံးပိတ်ရက်ကိုတော့ ကျနော့သူငယ်ချင်းတွေဆီမှာပဲ အိပ်ဖြစ်တယ်။ ပြပွဲတွေအကြီးအကျယ်လုပ်တဲ့နေရာပါ (မောင်ထောင်နီဆိုလားဘာဆိုလား) ခွေးပြပွဲနဲ့တိုးလို့ ကြည့်ဖြစ်ခဲ့သေးတယ်။ ခွေးတွေကို အလှထားပြီး ဂရုတစိုက်ပြုစုနေလိုက်ကြတာ ပိုက်ဆံတွေပိုနေလို့ထင်ပါရဲ့။

နောက်တစ်ခုရောက်ဖြစ်တာက မာဘွန်ခယောင်းပါ။ ငယ်ငယ်တုန်းက တူတူနေခဲ့ဘူးတဲ့ အသိဦးနဲ့အန်တီက နယ်ကနေတက်လာပြီး လာတွေ့ပါတယ်။ သူတို့က ယိုးဒယားမှာနေတာကြာပြီဆိုတော့ သူတို့ခေါ်တဲ့နောက်ပေါ့။ ဂျပန်စာသိပ်ကောင်းတယ်ကွဆိုပြီး အားရပါးရကျွေးခါကျမှ ကိုယ့်မြန်မာလျှာနဲ့က မတွေ့။ lagguage ရယ် အမေ့ဖို့ပိုက်ဆံအိတ်ရယ် ဝယ်ဖို့ အန်တီ့ကိုပဲ အကူအညီတောင်းရတယ်။ ကံကောင်းချင်တော့ Lagguage ဆိုင်က မြန်မာဖြစ်နေပြန်တယ်။ ဘယ်လောက်လဲလို့ ယိုးဒယားလိုမေးတာကို မြန်မာလိုပြန်ဖြေတော့ ကျနော်တို့နှစ်ယောက်လုံး အူကြောင်ကြောင်ဖြစ်သွားတဲ့အထိ။

မပြန်ခင်ညမှာတော့ ဘယ်ကနေအစားမှားတယ်မသိ။ ထုံးစံအတိုင်းဝမ်းမခိုင်လေတော့ ဝမ်းလျှောတော့တာပါပဲ။ အထုတ်တွေထုတ်လိုက် အိမ်သာတက်လိုက်နဲ့ တညလုံးချာလပတ်လည်နေတော့တာ။

မနက်မှာတော့ ဟိုတက်ခဲ့လေတဲ့ သင်တန်းမှာ ကွန်ပြူတာနှစ်လုံးသွားယူရသေးတယ်။ ကွန်ပြူတာက တစ်ဖက် မြဘုရားကလည်းပင့်လာ ကျောပိုးအိတ််ကတစ်လုံး Lagguage ကလည်းပါ။ တကယ့်ကို ရှုပ်ယှက်ခပ်နေတော့တာ။ လေဆိပ်ထဲမှာ စစ်ဆေးတော့ မေ့ပြီး ကျောပိုးအိတ်လွယ်ရက်သား ဝင်သွားလို့ ကျနော့ကို ဝိုင်းရီကြသေးတယ်။ တောသားမှန်းလူသိသာတာပေါ့။

၁၈ရက်အကြာမှာတော့ ကျနော်ချစ်တဲ့မြေကိုပြန်ရောက်ပါတယ်။ ပြန်ရောက်ရောက်ချင်းမြင်မိတာတော့ မှောင်နဲ့မည်းမည်းပေါ့။ စစ်ဆေးရေးကိုလည်း ရုံးက အစီအစဉ်နဲ့ အေးချမ်းစွာကျော်ဖြတ်နိုင်ခဲ့တယ်။ အဲဒီနေ့ကမိုးတွေကလည်း ရွာလို့။

ပြန်ရောက်ပြီဆိုပြီး စိတ်မချနိုင်သေးပါဘူး။ သင်လာတဲ့ စာတွေကို ပရောဂျက်မှာ အသုံးချရမယ်။ လူကြီးတွေကို Presentation လုပ်ရမယ်။ ကြောက်စိတ်ဆိုတာတွေကို ဘေးချိတ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကိုလုပ်ရမယ်လေ။ အဲဒီပထမဆုံးပြည်ပခရီး ရဲ့ အမြတ်အစွန်းအဖြစ်ကျနော်ရလိုက်တာက အကြောက်တရားဆိုတာတွေ ဇာတ်သိမ်းသွားတာပါပဲ။ ခုတော့လည်း….

ဆက်ရန်မရှိတော့ပါ

2 comments:

khin oo may said...

တို့လေ။ လေဆိပ် မှာ စစ်ဆေးရေးကို ဖြတ်ရင် ပိုက်ဆံအိတ် ထည်.လိုက် ရတယ် ဟုတ် . ပြီးတော.ပြန် မကောက် ဘဲ နှဲု့ထွက်သွားလို့ စစ် ဆေးရေး ကလိုက် ခေါ်ပြီး ပေးရတယ်။ တော်ပါသေးရဲ. ဟိုတုံး ကပိုက်ဆံ အိတ် မှ မကိုင်ဘူးတာလေ. Pulse လောက်နဲ့ အလုပ် ဖြစ် နေတယ်မဟုတ်လား။

Unknown said...

ဇွဲမလျှော့ပါနဲ့ လေ တနေ့ တလံ ပုဂံဘယ်ပြေးမလဲ
လေဆိပ်အ၀င်ကတော့ ဖြစ်တတ်ပါတယ်လေ တို့ ဆို ရှိသမျှ အကုန်ပြုတ်ကျလို့  စစ်တောင်စစ်တော့ဘူး ယူသွားတော့တဲ့ (မိုးတွေရွာလို့ မှောင်နဲ့ မည်း၂ဖြစ်တာပါကွယ်)