14 September 2008

အမှောင်


သားရေ အန်တီမြင့်ဆိုင်က တရော်ကင်ပွန်းတစ်ထုပ်သွားဝယ်ချေတဲ့။ တရော်ကောင်းကောင်းလေးလို့တောင်းခဲ့။ အိုးစည်တီးပြီးအောင်လျှော် ဒီနေ့ တနင်္ဂနွေနေ့ နေ့ကောင်းတယ် တအိမ်လုံးခေါင်းလျှော်ရမယ်။ အကြွေလေးတွေလက်ထဲဆုပ်ပြီး အမေ့ရဲ့စကားသံမဆုံးခင် ဈေးလေးဘက်ကိုထွက်လာခဲ့။ အသက်က အင်း ၆နှစ်လား ၇နှစ်နှစ်လားပဲ။

အန်တီမြင့် အမေက တရော်ကောင်းကောင်းလေး ပေးပါတဲ့ ဆိုပြီး အန်တီမြင့်ဆီကနေ ခေါင်းလျှော်ရည်ထုပ်လေး ယူပြီးပြန်လာတယ်။ ကလေးဆိုတော့ ခေါင်းလျှော်ထုပ်လေးကို ဆရင်းဆရင်း အပေါ်ကိုမြင့်မြင့်မြှောက်ရင်း သဘောတွေကျနေခဲ့တာ။ ခေါင်းလျှော်ရည်ထုပ်က ပလတ်စတစ်နဲ့ထုတ်ထားပြီး မမိပဲလွတ်ထွက်သွားခဲ့ရင်ဆိုတဲ့ အတွေးကို မတွေးမိခဲ့ဘူး။ ကံဆိုးစွာပဲ အိမ်နားရောက်ခါနီးမှာ အဲဒီအထုပ်ကလေး မြေပြင်နဲ့မိတ်ဆက်သွားခဲ့တယ်။ တရော်ချောင်းလေးတွေကို လက်ထဲမှာကိုင်ကြည့်တယ်။ ကင်ပွန်းသီလေးတွေကလည်း နေရောင်မှာပြောင်လက်နေလေရဲ့။

သေချာပေါက်အဆူခံရမယ်။ အရိုက်ခံရမယ်။ ဘယ်လိုလုပ်ရမလဲ။ ကြံစမ်း ကြံစမ်း သေးငယ်တဲ့ ကလေးဦးဏှောက်နဲ့ အိမ်ထဲမှာပုန်းနေဖို့ အကောင်အထည်ဖော်လိုက်တယ်။ အိမ်က စတိုခန်းလေးထဲက လိပ်ထားတဲ့ ဖျာလိပ်ထဲမှာ။ ဖျာလိပ်ကို တံခါးနောက်ဖက်မှာ ကပ်လိုက်သေးတယ်။ အမေက ဟိုကောင်လေးသွားလိုက်တာ ကြာပါပကောတဲ့ ဘယ်သဝေထိုးနေတယ်မသိဘူးတဲ့။ အသံတွေကိုကြားနေရတယ်။ ကျနော်လည်း အမှောင်ထုထဲမှာ တစ်ယောက်တည်း တစ်ဖြည်းဖြည်းနဲ့ကြောက်လာမိတယ်။ ဒါပေမယ့် အပြင်မှာကြုံရမယ့် အကြောက်တရားကလည်းရှိသေးတယ်။ ငိုချင်ပေမယ့် မငိုမိအောင်ထိန်းထားရတယ်။ ကျနော်အကြောက်ဆုံး အမှောင်ထုကိုအံတုရင်း ထိုင်နေမိတယ်။ အမေက အစ်ကို့ကို သွားရှာချေလို့ခိုင်းလိုက်တယ်။ အစ်ကိုက ဆိုင်ကပြန်သွားတာကြာလှပြီတဲ့လို့ မောမောနဲ့ ပြန်လာရင်းပြောတယ်။

ထွက်သွားရမလား ပုန်းနေရဦးမလား ဝေခွဲရခက်နေမိတယ်။ မသိလိုက်တဲ့ လွတ်ထွက်သွားတဲ့ စိတ်တစ်ခုနောက်မှာတော့ ကျနော့ရဲ့ ငိုရှိုက်သံကို အမေကြားသွားတယ်။ ဘာလုပ်နေတာလဲဆိုတဲ့ အဆုံးမှာ ဟန်ဆောင်နိုင်တော့ပဲ ရှိုက်ကြီးတစ်ငင်ငိုချလိုက်မိတယ်။ အပြစ်လုပ်ထားရင်ဘယ်လိုမှ ဟန်မဆောင်တတ်လေတော့ အမေက သိပါတယ်။ ဒီတစ်ခါမဆူတော့ဘူး။ ဒါပေမယ့် အပြစ်တစ်ခုဆိုတာ ဖုံးကွယ်မထားသင့်ဘူးလို့ပြောပြတယ်။ အဲဒီညက ကျနော်ကြောက်စိတ်နဲ့ လန့်လန့်ယောင်အော်မိသလို အပြင်းဖျားပါတော့တယ်။

အမှောင်ထုဆိုတာကို ကျနော်ကြောက်ပါတယ်။ အပြစ်လုပ်ပြီး ဖုံးကွယ်ထားရမှာကို ကျနော်ကြောက်ပါတယ်။ လူတွေရဲ့ စိတ်တွေအနောက်မှာ ဖုံးကွယ်ထားပြီး မထင်မရှား ရှိရှိနေတတ်တဲ့ မကောင်းတဲ့ အကျင့်တွေကို ကျနော်ကြောက်ပါတယ်…….

5 comments:

ရွှေပြည်သူ (ShwePyiThu) said...

အဲဒါကိုက လူ့သဘာဝလို့ ခေါ်မလားမသိဘူး ကိုရွာသားလေးရေ... လူတိုင်းမှာ အကောင်းနဲ့အဆိုးတော့ ဒွန်တွဲနေတတ်တာ အသေအချာပါပဲ။ အနည်းနဲ့အများပဲ ကွာကြမယ် ထင်ပါတယ်။ ကျွန်မလည်း အမှောင်သိပ်ကြောက်ပါတယ်။ ဒါပေမယ့် တခါတလေ အမှောင်ထဲမှာ ပုန်းနေမိသလိုပဲ... ကြောက်ကြောက်နဲ့ပေါ့း)

ဇင်ယော် said...

ရေးအားကောင်းလို့  အားကျတယ်ဗျာ။ ကလေးဘ၀က အဖြစ်အပျက်လေးနဲ့  ယှဉ်ပြီးပေးတဲ့  message လေးက ပြည့်စုံကောင်းမွန်လိုက်တာ လို့ ပဲဆိုပါရစေ။
လူ့ လောကသဘာဝမှာ မလွဲရှောင်နိုင်တဲ့  အပြစ်တွေအတွက် ကျနော်ကတော့  တခါတရံ အမှောင်ထဲမှာ တိတ်တိတ်လေး ထိုင်နေမိတယ်။

RePublic said...

ငယ်စဉ် ကလေးဘ၀ က အပြစ်လုပ်ပြီး ဖုန်းကွယ်ထားရင် မနေနိုင်အောင် ကြောက်လန့်ခဲ့ရတယ် ၊၊ အသက်ကြီးလာတော့ အပြစ်ရှိတဲ့ အရာတွေမှန်းသိလျက်နဲ့ တစ်ခါတစ်ခါ လုပ်ခဲ့ရပြီး ဟန်ဆောင်တတ်ခဲ့ရတယ် ၊၊
ဆန့်ကျင်ဘက် မှားယွင်းမှု တွေပါပဲ ၊၊ ၊၊

ကိုရုပ်ဆိုး said...

အမှောင် ...
အမှားကို အမှောင်နဲ့နှိုင်း
မိုက်မဲမှုကို အမှောင်နဲ့နှိုင်း
မကောင်းမှုကို အမှောင်နဲ့နှိုင်း
မရိုးသားစိတ်ကို အမှောင်နဲ့နှိုင်း

ကိုင်း ... ခပ်ရိုင်းရိုင်းပြောကြည့်စမ်းမယ်
အမှောင်က ညဥ့်ငှက်တွေအတွက်
အမှောင်က ငတက်ပြားတွေအတွက်
အမှောင်က မသိအောင် လုပ်ချင်သူတွေအတွက်
ဝမ်းရေးအတွက် ထွက်နေတော့လည်း
ကဲ ...
အမှောင် ...

ကိုရုပ်ဆိုး
၁၉-စက်တင်ဘာ-၀၈ (၁၄း၀၂)မိနစ်

စာမကြည့်ချင်တာနဲ့ ကဗျာတွေလာရေးနေတာ ရွာသားရေ...

Unknown said...

အမှောင် ဟုတ်တယ် ရွာသားလေးပြောသလို စိတ်တွေနောက်မှာရှိတဲ့ အမှောင်က ပိုကြောက်ဖို့ ကောင်းတယ် ခုတော့ အမှောင်ထုတွေက ပိုများနေသလားလို့ 