27 September 2008

နင်လွှတ်ချခဲ့တဲ့ အရာတစ်ခုရဲ့ တွယ်ငြိရာ


ဒီဇာတ်လမ်းကို စခဲ့တာ သူပါဆိုရင် အားလုံးကယုံနိုင်ကြပါ့မလား…..

ဖျတ်ခနဲတစ်ချက်အတွေ့မှာ သူကိုယ့်ကို စိတ်ဝင်စားသွားခဲ့တယ်ထင်ပါရဲ့။ ရှေ့ကိုလှမ်းနေတဲ့ ခြေလှမ်းတွေ တုံ့ခနဲရပ်တန့်သွားတယ်ဆိုတော့လေ။ အဲဒီနောက်မှာတော့ သူခေါ်ရာနောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့ရတယ်။ သူရဲ့လက်ချောင်းတွေနဲ့ ကိုယ်ခန္ဓာကို တို့ထိတိုင်းမှာ ကိုယ်ဟာ တကယ့်ကို နှစ်သက်ပျော်ရွှင်ခဲ့ရတယ်။ သူက ကိုယ့်မျက်နှာကို ကြည့်နေခိုက်မှာ ကိုယ်ကလည်း သူ့မျက်နှာကို မမှိတ်တမ်း ကြည့်နေမိတယ်။ သူအရီအပြုံးဟာ ကိုယ့်အတွက် ကျေနပ်စေသလို သူ့ရဲ့ မှိုင်တွေဆွေးမှုတွေအတွက်လည်း ကိုယ်စိတ်မကောင်းဖြစ်ရတယ်။ တနေ့ထက်တနေ့သူဟာ ကိုယ့်ရဲ့ ကြည့်မှန်တစ်ချပ်ဖြစ်မှန်းမသိဖြစ်ခဲ့တယ်။

တစ်ချက်တစ်ချက် သူ့ရင်ဘတ်ပေါ်မှာ ကိုယ့်ကို ထားပြီး အိပ်ပျော်သွားလေတိုင်း ရင်ခုန်လှိုက်မောစွာနဲ့ သူ့ရင်ဘတ်ပေါ်မျက်နှာအပ်ပြီး အိပ်စက်ခဲ့တာလည်း များပါပြီ။ သူ့ရင်ခုန်သံကို စည်းချက်တစ်ခုလို နားထောင်ရင်း သတိလက်လွတ်ဖြစ်ခဲ့ရတဲ့ ညတာတွေလဲ များပြီပဲ။ ကိုယ်တစ်ချက်လှုပ်ရင် သူများနှိုးသွားလေမလားဆိုတဲ့ ကြောက်စိတ်နဲ့ ငြိမ်သက်စွာမတုန်မလှုပ် ကျောက်ရုပ်လို နေမိတတ်ခဲ့ပြီ။ မနက်မိုးလင်းလို့ သူကိုယ့်ကိုရှာဖွေစမ်းသပ်တော့မှ သူ့ရဲ့ လက်တစ်ဖက်နောက်ကို အလိုက်သင့်လိုက်ဖို့အကျင့်ပါနေခဲ့ပါပြီ။

အပြင်ကိုထွက်တိုင်းမှာလည်း သူသွားလေရာကို သူ့လက်ထဲမှာ ကိုယ့်လက်နှစ်ဖက်ကို ထည့်ရင်းခလေး တစ်ယောက်လို ခံစားကြည်နူးမိတတ်တယ်။ သူက သူ့သူငယ်ချင်းတွေနဲ့ စကားပြောဆိုနေတဲ့အခါမျိုးမှာ သူ့အတွက်အနှောင့်အယှက်မဖြစ်ရအောင် သူ့လက်ထဲမှာပဲ ငြိမ်သက်စွာအမြဲရပ်နေခဲ့သူဟာ ကိုယ်ပါ။ သူနေဆိုတဲ့နေရာမှာ နေ သူထိုင်ဆိုတဲ့ နေရာမှာထိုင် တကယ့်ကို သူ့စိတ်နဲ့နေခဲ့တာကြာလို့ ကျင့်သားရနေခဲ့ပါပြီ။ ကျဉ်းကျပ်တယ်ဆိုတဲ့ အနေအထားလို့တောင်မတွေးထားတတ်ခဲ့ပါဖူး။

သူ့အတွက်အမြဲအဆင်သင့်ဖြစ်ခဲ့ပေမယ့် အပြောင်းအလဲများတဲ့လောကကြီးမှာ ကိုယ့်ထက်စိတ်ဝင်စားစရာတွေတွေ့ပြီး လွှတ်ချထားခံရတော့မှ ကိုယ်ဟာ တကယ်တမ်းတော့ မစွဲလမ်းသင့်တာကို စွဲလမ်းမိနေတဲ့ သူဖတ်နေကြစာအုပ်လေးတစ်အုပ်ပါလား ဆိုတာကို သိလိုက်ရချိန်မှာတော့ ကိုယ့်ရဲ့တွယ်ငြိခြင်းက ပြန်လည်မရုပ်သိမ်းနိုင်တော့သော အဆုံးစွန်ထိလေ……………

5 comments:

khin oo may said...

ရည်းစား စာ ရေးပါလားဟင်. အရေးကောင်း လို့ပါ။

စာ အုပ် ကလေး ကို ပြထားတွေ. စုံထောက် ကားမှာ အဖြေ ကို ကြိုပေး သလို ဖြစ် နေပါတယ်။

RePublic said...

အရေးအသား ကောင်းတဲ့ ကိုရွာသားလေးရေ ...
အားကိုးပါရစေဗျာ ၊၊ အဖွဲ့အနွဲ့တွေက ကောင်းလွန်းလို့ပါ ၊၊

Anonymous said...

ဖတ်လို့ ကောင်းတယ် ထင်တော့ထင်သား သက်ရှိတော့မဖြစ်နိုင်ဘူးလို့  အဖွဲ့ နွဲ့ လေးတွေလှတယ်ဗျို့ .....။

ဇင်ယော် said...

ကောင်းလိုက်တဲ့  အရေးအသား။ အရေးကြုံရင် အကူအညီတောင်းပါရစေဗျာ။ ရေးပေးမယ် ဟုတ်။

Unknown said...

ဒါကြောင့်လည်း စာရေးတာကောင်းတာကိုး
စကားမစပ် မမခင်ဦးမေပြောသလိုသာရေးရင်တော့ ရွာသားလေးတော့ ခါချနေရမှာ (------ တွေကို ပြောပါတယ်)