26 September 2008

ပထမဆုံးပြည်ပခရီး သို့မဟုတ် အကြောက်တရားတို့ကျဆုံးခန်း(၃)

မနက်စာက ဟိုတယ်ခထဲမှာပါပြီးသားဖြစ်လေတော့ မနက်စာကို အခန်းနံပါတ်လေးပြောပြီး သွားစားလိုက်ရုံပါပဲ။ ထမင်းကနေ ခေါက်ဆွဲကြော် ပလာတာ ဂျပန်စာ ပေါင်မုံမျိုးစုံ အစုံစုံကို မြည်းရင်းစမ်းရင်း ဗိုက်ပြည့်အောင်စားလိုက်တယ်။ လာကြိုတဲ့ကားကနောက်ကျတာမို့ ဧည့်ကြိုခန်းကနေ ပေါ်တီကိုအောက်ကိုသွားပြီး တစ်စောင့်စောင့်နေရတယ်။ ရောက်လာတော့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်တဲ့။ ကားကတော်တော်ကြပ်လို့ပါတဲ့။ ဟုတ်မှာ ဟိုတယ်ရှေ့က ကားတန်းကြီးက ခပ်လှုပ်လှုပ်ရယ်။ စက်ဘီးသမားတောင်ကျော်တက်လို့ရတယ်လေ။ သင်တန်းကျောင်းကိုရောက်တော့ သင်မယ့်ဆရာကနောက်ကျနေသေးတယ်။ သူလည်းကားကြပ်တာပဲပေါ့။ သင်တန်းဆရာက ညိုမင်းလွင်းနဲ့တူတာမို့ ကျနော်က ညိုမင်းလွင်လို့ပဲနာမည်ပေးထားလိုက်တယ်။ အနှီညိုမင်းလွင်နဲ့ တစ်ပတ်လောက်စာသင်ရတာပေါ့ဗျာ။

နေ့လည်စာတွေတိုင်းက သူကပဲ အကုန်ကျခံကျွေးမွေးပါတယ်။ တရက်ကွေ့သယိုကျွေးတော့ ကျနော်တို့မှာ ဒုက္ခရောက်ကြသေးတယ်။ ကွေ့သယိုအရည်ဖျော်ကို အဆာပြေလိုတစ်ပန်းကန်လောက်ပဲစားလာမိလို့ နေ့လည်မှာ ဗိုက်ဆာတဲ့ဒဏ်ကိုနှစ်ယောက်သား ကြိတ်မှိတ်ခံစားခဲ့ကြရတယ်။ ယိုးဒယားထမင်းဟင်း ကျွေးတဲ့နေ့ကလည်း မျက်ရည်ဖြိုင်ဖြိုင်ကျမိလို့ လိုက်ကျွေးတဲ့လူကတောင် အားတွေနာသွားတဲ့အထိ။ အသားတွေကို ကင်လေတဲ့ စတိမှာလည်း ဂွကျတာပါပဲ။ မကျက်ပါဘူးဆိုပြီး နှစ်ယောက်လုံးမြိုချလို့မရလို့။ အင်းကိုယ့်ထမင်းဟင်းကိုပဲ အရမ်းတမ်းတကြတာ။ ညနေဆိုရင် ဖောက်သည်ဆိုင်ကိုပြေးရတော့တာပါပဲ။

ဘန်ကောက်မှာက ဘာသာစကားတော်တော် အခက်တွေ့ပါတယ်။ ကျနော်တို့နှစ်ယောက်မှာ တစ်ယောက်တစ်မျိုးအခက်ကြုံရတယ်။ ရေကူးကန်တွေ့ရင်ရေကူးချင်ပါတဲ့ ကျနော့အတွက် ကလည်းတစ်မျိုး။ အခန်းထဲမှာ ရေးထားတာက အခန်းထဲက တာဝါကို ရေကူးကန်ကိုသယ်မသွားရတဲ့ ရေကူးကန်ကကောင်တာမှာ တာဝါတောင်းယူပါတဲ့။ အဲသာနဲ့ ရေကူးကန်ကိုဆင်း ရေကူးပြီး ကောင်တာမှာတာဝါတောင်းတော့ ဧည့်ကြိုကောင်တာကို ဖုံးဆက်ပါတဲ့။ ဧည့်ကြိုကောင်တာကို ဖုံးဆက်ပြန်တော့ တာဝါဆိုတဲ့ စကားက ဘယ်လိုများ ဘာသာပြန်ခက်လေတယ်မသိ လုံးဝနားမလည်ဘူးထင်ပါရဲ့။ အခန်းထဲကိုပြန်တက်လာရင်း နောက်နေ့တော့ အခန်းထဲကတာဝါကို မဖြစ်မနေယူသွားဖို့ ဆုံးဖြတ်လိုက်ရတယ်။

ကျနော့စီနီယာကတော့ ဆေးလိပ်သောက်မှု။ သူကမိုးလင်းတာနဲ့ခေါင်းတိုင်ဖွင့်တော့တာ။ တရက်အခန်းသန့်ရှင်းရေးလာတဲ့ကောင်မလေးနဲ့သူနဲ့ အငြင်းအခုံဖြစ်ကြပုံများ ပြန်တွေးရင်ရီစရာ။ သူထိုင်တဲ့ခုံအောက်က ကော်ဇောပေါက်ကို သူ့ ဆေးလိပ်မီးပွားတွေကြောင့်ပေါက်ပါတယ်ဆိုပြီး ဖြစ်ကြတာ။ နှစ်ယောက်လုံးက ကမ္ဘာသုံးဘာသာစကားနဲ့ဖြစ်ကြတာလေ။ ကော်ဇောပေါက်ကိုလက်ညှိုးထိုးလိုက် ဆေးလိပ်လေးလက်ညှိုးထိုးလိုက်နဲ့ကောင်မလေး ကပြော ကျနော့စီနီယာက လက်ကလေးတစ်ခါခါနဲ့ငြင်း ခုံတွေထားလို့ အရာထင်တာပါဆိုပြီး ဟန်အမူအရာနဲ့ပြ။ အဲလိုကိုးလိုးကန့်လန့်ဖြစ်ခဲ့တာ။

ရုံးပိတ်ရက်စနေ တနင်္ဂနွေတွေမှာတော့ ကျနော့သူငယ်ချင်းတစ်ယောက်ရယ် သီရီလင်္ကာမှာသင်တန်းတက်ပြီး ပြန်လာတဲ့ ICRC ကသူငယ်ချင်းတစ်ယောက်နဲ့ ဘန်ကောက်တစ်ခွင်လှည့်လည်ရေး။ ပထမတော့ မြဘုရားပေါ့ဗျာ။ မြဘုရားလို့ပြောရင်သူတို့တွေကနားမလည်ဘူးဗျ။ သူတို့ခေါ်တဲ့ အခေါ်ရှိပါတယ်။ ဘန်ကောက်မှာစီးရတဲ့ Sky Train ဆိုတာလည်းစီးဖူးတယ်ရှိအောင်စီးခဲ့တာပေါ့။ သူတို့နိုင်ငံက ဧည့်သည်တွေဆီက ပိုက်ဆံကို ဘယ်လိုယူသလဲဆိုတာတော့ အတုယူသင့်တယ်နော် (မကောင်းတဲ့နည်းလမ်းကိုပြောတာ မဟုတ်ပါဘူးဗျာ)။ မကောင်းတဲ့နည်းဆိုလို့ အဲဒီနေရာ ပက်ပုန်းကိုလဲ ရောက်ဖူးတယ်ရှိအောင်သွားလိုက်ပါတယ်။ တော်တော်ကြာ ခေတ်နောက်ကျနေမှဖြင့်ဆိုပြီး။

နောက်တစ်နေရာကတော့ အယုဒ္ဓမြို့ဟောင်း သမိုင်းကြောင်းကိုစိတ်ဝင်စားတာမို့ မရောက်ရောက်အောင်စီစဉ်သွားရတာပါ။ ဆူးလေက မြောက်ဥက္ကလာကိုဆွဲတဲ့ Taxi လိုမျိုးကားလေးတွေနဲ့။ ဒါပေမယ့် အဲယားကွန်းနဲ့ အကျ။ နာမည်ကြီးလေတဲ့ AIT ကျောင်းကို ဖြတ်သွားတော့ ငေးဖြစ်အောင်ငေးလိုက်ပါတယ်။ ကိုယ်မှမတက်နိုင်တာ ငေးရုံပေါ့။ မြန်မာတွေဖြတ်ထားခဲ့တယ် ဆိုတဲ့ ဘုရားခေါင်းတွေကို စနစ်တကျပြသထားတယ်။ စာတွေလည်းရေးလို့ပေါ့။ ဖြစ်နိုင်မဖြစ်နိုင်တော့ စဉ်းစားမိတယ်။ စာဖတ်သူတွေကောဘယ်လိုထင်မလဲမသိ။ စစ်ဖြစ်တုန်းက ပန်းချီကားကိုအပြေးအလွှားဝင်ကြည့်တော့လည်း ကြည့်ခွင့်မရှိတဲ့ ပိတ်ထားတယ်ကျနော့ကို။ အပြင်ကပဲ အမှတ်တရဓါတ်ပုံရိုက်ခဲ့ရတော့တာ။ တုပ်တုပ်ဆိုတာလည်း စီးရင်း ပိုက်ဆံကို သယ့်ယူနေတဲ့ သူတို့ရဲ့ အစီအစဉ်တွေကို မချီးမွမ်းပဲမနေနိုင်တော့။

ဆက်ပါဦးမယ်

2 comments:

RePublic said...

ဝယ်ယူ လို့မရတဲ့ အတွေ့အကြုံ အမြင်တွေ ကို ပထမ ဆုံးခရီးက အများကြီးရလိုက်မှာပါ ၊၊ ဘ၀ခရီး က လက်တွေ့ ပေးတဲ့ သင်ခန်းစာ ရသစုံ ပေါ့ ကိုရွာသားလေးရေ ၊၊
(ဆိုင် မဆိုင်မသိ ၊ ရေးချလိုက်တာ)

ခင်မင်စွာဖြင့် ...

Unknown said...

ညိုမင်းလွင်နဲ့ တွေ့ လာတာကို ဒါကြောင့် ရေးထားတာ ရုပ်ရှင်ကြည့်ရလို မျက်လုံးထဲမြင်မိနေတာ (ယိုးဒယားစာ စားရင် ကျန်ခဲ့တဲ့သူကိုသတိယတယ်ဆို ရင်လည်း ဘာမှမပြောပါဘူးကွယ်) ငရုတ်သီးကို လွှဲမချပါနဲ့ 