13 September 2008

ကံဆိုးစေသော ဒုတိယလရဲ့နေ့

မနက်ဆိုတာ သုတ်သီးသုတ်ပြာနဲ့ကျောင်းချိန်အမှီ သွားရမြဲ။ ပုံမှန်ကျောင်းသွားတယ်။ ကျောင်းမှာလည်း အေးအေးဆေးဆေးပါပဲ။ ဒါပေမယ့် နေ့တစ်နေ့ဟာ အကြောင်းတစ်ခုကြောင့် အမှတ်တရဖြစ်စေခဲ့တယ် ဆိုရင်ငြင်းနိုင်မယ်လို့မထင်ခဲ့။

မနက်အတန်းချိန်အပြီး နေ့လည်ဘက် နောက်တစ်ချိန်မစခင် ကျနော်လုပ်နေကျ သင်္ချာသင်ခန်းစာတွေကို တွက်နေမိတယ်။ သင်္ချာပုစ္ဆာတွေ အဖြေရှာထွက်ချိန်တွေဟာ ဘယ်ခံစားမှုနဲ့မှ နှိုင်းမယှဉ်နိုင်တဲ့ ပျော်ရွှင်မှုကို ဖြစ်စေတယ်လေ။ စာတွက်နေတဲ့အခန်းငယ်ထဲမှာ အဲယားကွန်းမှ ပန်ကာလည်သံကလွဲရင် ဘာသံမှမကြားရ။ ၁၄ယောက်သာရှိသော ကျနော်တို့အတန်းကို အတန်းတွေအားလုံးနဲ့ဝေးရာ ဒေါင့်ဆုံးအခန်းငယ်လေးထဲမှာ ထားသောကြောင့်တိတ်ဆိတ်မှုကြီးစိုးနေသည်။ အာရုံက ပုစ္ဆာထဲမှာ ရှိနေလို့လည်းဖြစ်နိုင်သည်။ တစ်ဆိတ် Breakeven point တွေက မျဉ်းအဆွဲမှားတာနဲ့ အဖြေမှားနိုင်သည်။ ကျနော်လိုချင်တာကလည်း ဖတ်စာအုပ်ထဲကအတိုင်းအဖြေဆိုတော့ အာရုံနှစ်ယူမိသည်။

ခပ်ဖွဖွခြေသံတစ်ခုကိုကြားနေရသည်။ လူတစ်ယောက်အခန်းထဲကိုဝင်လာမယ်ထင်တယ်။ အနံတစ်ခုက လူမရောက်ခင်ကြိုရောက်နေခဲ့သည်။ စားပွဲထောင့်စွန်းမှာ လူတစ်ယောက်ရပ်နေခဲ့သည်။ ဘုတ်ဆိုသော အသံတစ်ခုမဆုံးခင်မှာ ကျနော်မော့ကြည့်ပေမယ့် ထိုလူမရှိခဲ့တော့။ စားပွဲပေါ်မှာ ကျန်ရစ်ခဲ့သည်က ဗူးလေးတစ်ဗူး။ လက်နဲ့ကိုင်ကြည့်ရင်း သတိထားမိတာက ဗူးပေါ်မှာ ဘာစာတန်းမှရှိမနေ။ ဘာအတွက်လဲ ဘယ်သူလဲ ဘာဖြစ်လို့ပါလိမ့်ဆိုတဲ့ ပုစ္ဆာက ထပ်ထွက်လာပြန်တယ်။ နောက်သွားတဲ့ အာရုံက ချက်ချင်းစုစည်းလို့မရ။

အဲဒီနေ့အိမ်ပြန်ရောက်သည်အထိ အဖြေမပေါ်။ ဒါပေမယ့် ဘယ်သူလာပေးတယ်ဆိုတာကိုတော့ အမှတ်မထင် ကျနော်သိလိုက်ရပါတယ်။ အဲဒီလူကို နောက်နေ့မှ တိုက်ရိုက်မေးမယ်လို့စိတ်ကူးပြီး အိမ်ကိုပြန်ခဲ့မိတယ်။ အိမ်ကိုပြန်ရောက်မှ ကျနော်သိတာက မနေ့က ကျနော့အဖွားဆုံးသွားပြီတဲ့။ အမြန်ပြန်လာခဲ့ပါတဲ့။ အတန်းပိုင်ကို ဖုံးဆက်ပြီး ခွင့်တင်၊ ရတဲ့ မှီရာရထားနဲ့ မွေးရပ်မြေကို ပြန်ခဲ့တယ်။ သောက အပူတွေကို ပိုက်ရင်း အဲဒီပုစ္ဆာကို ခဏမေ့ထားခဲ့သည်လေ။ ရက်လည်အပြီးပြန်လာသည်အထိပေါ့။

ပြန်ရောက်လာခဲ့တော့ သူမရှိတော့။ သူက ဒီမြေအရပ် ဒီပတ်ဝန်းကျင်မှာမရှိတော့။ မဖြစ်ဖြစ်သည့်နည်းဖြင့်ဆက်သွယ်ရန်ကြိုးစားဖို့လည်း အားမထုတ်ခဲ့။အဲသည်တော့ ဒီအဖြေကို ကျနော်ခုချိန်ထိ မရရှိခဲ့ပါ။ အဖြေမရတဲ့ ပုစ္ဆာတစ်ပုဒ်ဟာ ကျနော့စိတ်မှာ လိပ်ခဲတည်းလည်းဖြစ်စေခဲ့ပါတယ်။

အများတကာကံဆိုးစေသည်ဟုသတ်မှတ်ထားသော ဒုတိယလ၏ ရက်တစ်ရက်သည်လည်း ကျနော့ကို ကံဆိုးမှုများနဲ့အတူ ထာဝရအမှတ်တရ ရှိနေခဲ့သည်…….

5 comments:

khin oo may said...

2 ခါ ဖတ်တယ်။ နားမလည်ဘူး။ တဆိတ်လောက်ရှင်းပြပေးပါခင်ညာ။

ဗီလိန် said...

ဟုတ်တယ်။ တိဝူး။ အနော်က ဉာဏ်ထိုင်းတယ်။

ဇင်ယော် said...

ဘယ်သူက ဘူးထဲမှာ ဘာထည့်ပေးခဲ့ တာလဲဗျ။
ပဟေဠိအဖြေညှိခိုင်းထားတယ်ပေါ့လေ။
လုပ်နဲ့ ဗျာ။ ဥာဏ်မမှီဘူးဗျ။

Unknown said...

နားမလည်ဘူးကွယ် ဘူးလေးထဲမှာ ဘာလေးရှိလည်း ဆိုတာသိရင်တော့ နားလည်နိုင်မလားပဲ

Unknown said...

အင်း ဖေဖော်ဝါရီရဲ့  ထူး၂ခြား၂နေ့ တနေ့ နဲ့ ပတ်သက်နေမလားလို့  အတွေးပွားသွားတယ် (ဘူးထဲမှာ ဘာလေးလဲဟင်) သိချင်စိတ်ပျင်းပြစွာနဲ့ မေးသွားတယ်