10 September 2008

အချစ်ဆုံး မုန်းသူတစ်ယောက်အကြောင်း

အချစ်ဆုံးလည်းဖြစ်ခဲ့တယ် မုန်းသူတစ်ယောက်လည်းဖြစ်ရပြန်ပါတယ်။ တကယ်ဆို ခံစားချက်နောက်ကို လိုက်နေမယ့်အစား ဖြစ်ပျက်နေတာကို ရှုမှတ်သင့်ပါလျက် အချစ်ဆုံးမုန်းသူတစ်ယောက်ဖြစ်လာအောင် ကိုယ့်စိတ်ကို ပျိုးထောင်မိနေတော့လည်း ခက်တယ်။

သူ့ကိုကျနော်သိပ်ချစ်ပါတယ်။ အလိုလိုက်လို့ ရွှေမျက်တော်မညှိုးအောင်ထိ ဂရုစိုက်ပါတယ်။ ဟိုဟာလေးစားချင်တယ် ဆိုလည်း ကဲ စား စား၊ ဒီအရည်လေးသောက်ချင်တယ် ဆိုလည်း ကဲသောက်သောက်ပေါ့။ အလည်သွားချင်ပြန်တယ်ဆိုတော့လည်း လည်စေဗျားပေါ့။ အ၀တ်အစား ဆိုလည်း ဘယ်အရောင် ဘယ်သို့ဘယ်ပုံ အချိုးကျမှတစ်မျိုးလှမှာမို့ မငြိုမငြင် ၀တ်ဆင်စေပါတယ်။ ပျင်းတယ် စာဖတ်ချင်တယ်ဆိုပြန်တော့ ဖတ်စရာစာအုပ်တွေ ရှာပေးတယ်။ ရုပ်ရှင်ကြည့်ချင်တယ်ဆိုတော့လည်း အိမ်မှာကြည့်မလား ရုံမှာကြည့်မလား ဘယ်မှာမဆိုအဆင်ပြေစေရမယ်။ ရလေလိုလေ အိုတစေတဲ့ လိုက်လို့ကလည်း မဆုံးနိုင်ပြန်ပါဘူး။ စိတ်တိုလာပြန်ပြီတဲ့ဆို စိတ်ပြေအောင်လုပ်ပေးရတာက တစ်မျိုး။ ခံစားချက်ဆိုတာ တစ်စက္ကန့်မှာတောင် ပိုင်းလို့ရရင် အခေါက်တစ်ရာလောက် ပိုင်းလိုက်ချင်ပုံပါပဲ။ ခုစာကလေးကြော်ခုဆီထမင်းဆိုတာမျိုးတော့ သနားပါသေးတယ်။ ရွှေဆိုရွှေ ငွေဆိုငွေ လိုတာ ဘာမဆို အရိပ်တကြည့်ကြည့်နဲ့ ပိုးမွေးသလိုကို ချစ်နေရတာပါ။ အပြစ်တွေလုပ်မိပြန်လည်း အို….ငယ်သေးတာပဲပေါ့။ ခွင့်လွှတ်ရမှာပါလေဆိုပြီး သဘောထားတွေကြီးနေမိပြန်တယ်။ နောက်တစ်ခေါက်အမှားတွေထပ်လုပ်ပြန်တော့လည်း အင်းမှားပါစေပေါ့ ကြုံဖူးတာမှ မဟုတ်တာ။ မမှတ်မိတော့လည်း အပြစ်မမြင် ချစ်ခင်စိတ်ရင်းနဲ့ဆိုတော့။

နောက်တစ်ယောက်ကိုတော့ သိပ်ကိုမုန်းပါတယ်။ သနားတတ်လိုက်တာဆိုပြီး သူများကိုကူညီ ကိုယ့်မှာလည်း ဒုက္ခတွေနဲ့ပါ။ အပြင်ထွက်ပြီးအပူတွေကိုဝယ်တယ်လေ။ ပြီးရင်မေ့မေ့ပျောက်ပျောက်မနေ။ ဘယ်သူကဘယ်လိုဆိုပြီး တွေးနေတတ်တဲ့လူ။ မနေတတ်မထိုင်တတ်။ သူများကမမေးလည်း စေတနာနဲ့ဆိုပြီး ကိုယ့်ထမင်းထုပ်ထမ်းပြီးလိုက်ပြောတတ်သေးတာ။ စေတနာစော်ကားခံရတော့မှ စော်ကားရက်လေခြင်းဆိုပြီး ကိုယ်အနေအထိုင်မတတ်တာကို ဖုံးကွယ်နေတတ်တဲ့လူ။ အလကားလူ စိတ်ကလည်းပျော့ပါ့။ အိမ်ကျမှ ဒေါသတွေထွက် သူခိုးပြေးမှ ထိုးကွင်းထ တကယ့်ကို မုန်းဖို့ကောင်းတဲ့လူ။ အားကလည်းနာတတ်သေးတယ်။ ပိုက်ဆံလေးရ စရာရှိတာတောင်းဆိုရင် ငွေလေးအဲလောက်ကို မတောင်းရက်ဘူးတဲ့လေ။ ဒီငွေရဖို့ ဘယ်လောက်ရှာခဲ့ရသလဲ နားမလည်။ ဒီကွေ့ဒီတက်နဲ့လှော် ဟိုကွေ့ဟိုတက်နဲ့လှော် စကားကလည်း မပြောတတ်မဆိုတတ်။ ဒီအရွယ်ရောက်နေပြီ ဘယ်အချိန်မှာ ဘာပြောသင့်တယ်ဆိုတာ မသိသေး။ ဒီယုန်မြင်လို့ ဒီခြုံထွင်အကူအညီတောင်းမယ်ဆိုတာ သိနေရင် ရှောင်ထွက်ပါတော့လား။ တကယ်ပဲဗျာ အလိုက်ကန်းဆိုးကို မသိ။ ကိုယ်ဘ၀ဘယ်ကစတယ်ဆိုတာ ကိုယ်တိုင်သိရက်နဲ့ ဘ၀ရဲ့တက်လမ်းတွေကို လည်းမကြိုးစား။ ရှိသမျှ အချိန်တွေကို ဖြုန်းတီး။ စိတ်လှေတိုက်ပြီး ထင်တိုင်းရွက်လွှင့်နေတဲ့လူ။ ဖတ်သင့်တဲ့စာတွေကို ဖတ်သင့်တာမဖတ်။ အားနေလျက်နဲ့ ငုတ်တုတ်ထိုင်မေ့ချင်မေ့နေတဲ့လူ။ မုန်းချက်တော့။

ချစ်တာလည်း တုန်လို့ မုန်းတာလည်း ကမ်းကို ကုန်လို့။ အဲဒီလူကိုလေ…………………..

7 comments:

တန်ခူး said...

အင်း… အဲဒီလူကို မှန်ထဲမှာကြည့်ရင် မြင်ရတယ်မိုလား… ရမ်းတုတ်ကြည့်တာ…

JulyDream said...

အဲဒါ ဘယ်သူလဲ ဟင်...
အဲဒါ ဘယ်သူလဲ ဟင်...
အဲဒါ ဘယ်သူလဲ ဟင်...
အဲဒါ ဘယ်သူလဲ ဟင်...

"မပြောပြဘူး အသေသတ်" လို့ ပြန်ပြောရင်တော့ သေဖို့သာ ပြင်ထားပေတော့ဗျာ။ တကယ်ကို လာသတ်မှာ။ အဟတ်...

...
...
...


အဟဲ... မကြောက်ပါနဲ့ဗျာ။ ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ ရေချိုးမလို့ပါဗျ။ အဲငှယ်။

ခင်မင်းဇော် said...

အထက်က တန်ခူးပြောသလိုပဲ....အဲဒီလူက ကိုယ်ကိုယ်တိုင်ပဲမဟုတ်လားကွယ် ...

RePublic said...

ကိုယ့် ကိုယ်တိုင် ကို ရည်ညွန်းရင်တော့ "အချစ်ဆုံး မုန်းသူတစ်ယောက်"
ဘ၀ ထက် "အမုန်းဆုံးချစ်သူ" ဘ၀ကို ပိုသာယာ နေတတ်ကြတယ်ဗျာ ၊၊ အတ္တ တွေလေ ၊၊
အမြဲတမ်း မဟုတ်တာတွေလုပ်တတ်တဲ့ ကိုယ့် ကို ပိုချစ်လိုက်တာမှဗျာ ၊၊...

ဝေလေး said...

အဲဒီလူ သိတယ် သိတယ် အဲဒီလူကြီးပေါ့ :P

ကိုရုပ်ဆိုး said...

republic သုံးသွားတဲ့ “အမုန်းဆုံးချစ်သူ”ဆိုတာကို ကြိုက်တယ်....။
ွှTAG ဆိုတာ ဒီလို ဖြေရတာလားခင်ဗျာ...။
ခေါင်းထဲမှာ ဘာလို့ အဲဒီလောက်အများကြီး ရှိနေရတာလဲ ... တဆိတ်လောက် ....။

Unknown said...

အဲဒီလူကိုလေ မုန်းတော့မမုန်းလိုက်ပါနဲ့ 
မုန်းတယ်ပြောပြီး ချစ်တာက ပိုများနေသလိုပါလား