08 September 2008

လက်ဖက်သုတ်


အညာနဲ့လက်ဖက်သုတ်ကခွဲလို့မရ။ အိမ်တိုင်းမှာ မိုးလင်းပြီဆိုရင် လက်ဖက်ပွဲပြင် အိမ်ရှေ့မှာချ လာသမျှဧည့်သည်ကို လက်ဖက်နဲ့ဧည့်ခံ လက်ဖက်ပွဲ နည်းသွားတယ်မရှိစေရ။ အဲဒီတော့ အညာသားကျနော်က လက်ဖက်ကြိုက်တာ ဘာဆန်းသလဲ။

ရှေးတုန်းကတော့ လက်ဖက်ဆိုတာ ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် ရုံးတော်မှာ အသုံးပြုခဲ့တယ်လို့ ကြားဖူးတယ်။ လက်ဖက်တစ်ရိုးစားပြီး ဖြစ်ပျက်သမျှကို ကျေအေးခဲ့ကျတာတဲ့။ ကျနော်တို့အညာကလည်း ရောက်လာသူတွေကို ရန်မမူ ချစ်ကြည်နူးမှုပြစေလိုလို့ လက်ဖက်ကိုတည်ခင်းခဲ့စေသလားမသိ။ အိမ်တိုင်းမှာတော့ လက်ဖက်တစ်အုပ်က ကြိုလျက်ပါ။

လက်ဖက်သုတ်ကို ငယ်ငယ်ကတည်းက အရူးအမူးစွဲလမ်းခဲ့တာပါ။ သုံးနှပ်လုံးဟင်းမချက်ပဲ လက်ဖက်သုတ်ပဲကျွေး စားလို့ကောင်းလျက်။ ငယ်ငယ်တုန်းကဆို ဧည့်သည်ကိုကျွေးတဲ့ လက်ဖက်သုတ်ကိုစားပါမယ်ဆိုပြီး ဂျီကျလို့ရိုက်ခံရသေးတယ်။ သူများအိမ် ဧည့်သည်သွားလုပ်တော့လည်း လက်ဖက်သုပ်ပန်းကန်ရော ဇွန်းရော လက်ကနေမချပဲ စားနေမိတယ်။ လက်ဖက်လေးနှိုက်လိုက် ပဲခြမ်းလေး မြေပဲဆန်လေး နှမ်းလေး ပုဇွန်ခြောက်လေးနဲ့ စားလိုက် တစ်ခေါက်အစကနေပြန်စဆိုပြီး တိုင်ပင်နဲ့စားနေမိတာလေ။ အမေက မျက်စောင်းထိုးတာလည်းမသိ အဖေက ချောင်းဟန့်တာလည်း သဘောမပေါက် အပြန်လည်းကျရော ဗြောဝိုင်းကို စတာဗျ။ အရှက်ကိုကွဲရောတဲ့ အမေနဲ့အဖေက။

အဒေါ်နံပါတ်၁၁က သုတ်တာက ရန်ကုန်သုတ်တဲ့။ ဘယ်ကနေဘယ်လိုဖြစ်လာတယ်မသိ။ ခရမ်းချဉ်သီး အစိမ်းလေးထည့် ဂေါ်ဖီလေးထည့်ပြီး အားလုံးကို ရောမွှေလိုက်တာ ရန်ကုန်သုတ်ဖြစ်ရောတဲ့။ ကြည့်ရတာ ရန်ကုန်မှာအကုန်ရောနေလို့ဖြစ်မယ်နော်။

အစ်ကို့မိန်းမကတော့ သူက ဟိုးအထက်က ရှမ်းကြီးတွေဆိုတော့ လက်ဖက်သုတ်ရင် နံနံပင်လေးထည့်သုတ်တယ်။ ဘယ်သူမှတခါမှမကြားဖူးဘူး။ ဒါပေမယ့် သူသုတ်ရင်တစ်ခါတည်းနဲ့ မပြီး။ အနည်းဆုံးနှစ်ဇလုံလောက်မှ အတော်လောက်ကျတယ်။ တစ်အိမ်လုံးကလည်း လက်ဖက်ဆိုတာနဲ့ အားလုံးကိုရပ်ပြီး ဇွန်းတစ်ချောင်းဆီပြေးကိုင်ကြတော့တာ။ တစ်ယောက်ယောက်က ဇွန်းမချရင် စားလိုက်ရမှာမဟုတ်ဘူးလေ။

ဆယ်တန်းတုန်းက အဒေါ်နံပါတ် ၄ရဲ့ အမျိုးသားက ကျနော်လက်ဖက်သုတ်စားတာကို ထမင်းစားသလိုပဲဆိုပြီး အံ့တွေသြနေတာ။ စတီးဇလုံနဲ့ တစ်လုံးကို လက်ငါးချောင်းနဲ့စားနေလို့တဲ့လေ။ ဒါများ ပါးပါးလေးရှိသေးတာ။

ကျနော့အမေကတော့ လက်ဖက်ထဲကို ဒညင်းသီးထည့်သုတ်တတ်တယ်။ ပြီးတော့ ပြောင်းဖူးပြုတ်လေးတွေလည်းထည့်တတ်သေးတယ်။ ကျနော်ဆယ်တန်းတုန်းကတော့ လက်ဖက်သားကို ကြက်သွန်ဖြူနဲ့ ပုဇွန်ခြောက်နဲ့ နှပ်ပြီး ဆီစိမ်ပေးထားတတ်တယ်။ နောက်တစ်မျိုးက မရမ်းသီးပေါ်ရင် မရမ်းသီးလေး ပါးပါးလှီးပြီးထည့်တတ်သေးတယ်။

ကျောင်းကဆရာမတွေကတော့ လက်ဖက်ထဲကို ဂေါ်ဖီပန်းပွင့်ထည့်သုတ်သေးတယ်။ တထုတ်ထုတ်နဲ့စားလို့တော့အကောင်းသား။

အလှူဆိုရင်လည်း ဒီလက်ဖက်ကတော့ ပါမြဲ။ ခရီးသွားတော့လည်ုး လက်ဖက်ကတစ်ချိုင့်မှာနေရာယူလေရဲ့။ ဟိုတစ်လောက သူငယ်ချင်းတွေအပြင်သွားကြတဲ့အခေါက် လက်ဖက်သုတ်ကလည်းမပါ တခြားမိသားစုတွေက လက်ဖက်ကို အားရပါးရနယ် နယ်ထားတဲ့ လက်နဲ့ တစ်ဖွဲ့လုံးကို ခွံ့ကျွေးနေလိုက်တာ ကျနော်တို့တွေပါ သွားစားချင်နေမိတယ်။ အနံ့ရရင်ကိုသိတယ် ဒါမြန်မာတွေလက်ဖက်သုတ်နေပြီပေါ့။ ကျနော်တို့မြန်မာမှာပဲ လက်ဖက်သုတ်ရတာနော်။ ဒါတစ်ခုတည်းနဲ့တင် ဒီနိုင်ငံသားဖြစ်ရတာ ကျနော့အတွက် တန်နေပြီ။ ဘယ်နေရာရောက်ရောက် လက်ဖက်ကတော့ ကြိုက်နေအုံးမှာ။ ဘာနဲ့မှကို မလဲနိုင်။

ပြောလို့ကောင်းနေလိုက်တာ အိမ်သားတစ်ယောက် လူကြုံလာလို့ ပေးလိုက်တဲ့ ဒညင်းသီးစီးစီးနဲ့ သုတ်ထားတဲ့ လက်ဖက်သုတ်တစ်ဇလုံကို မကုန်ခင်အမြန်သွားစားအုံးမှ။ ကြိုပြောထားတယ် သားရေကျမနေကြနဲ့နော်………………

ကိုရုပ်ဆိုးနဲ့ ကို ဂျူလိုင်ရေ အစားအစာဆိုရင်ဆိုတဲ့ မေးခွန်းလေးကို ဖြေပြီးပြီနော်

15 comments:

ဗီလိန် said...

ချားမယ်။ ချားမယ်။ ခုတုတ်ပေး။ ခုတုတ်ပေး ရဖက်တုတ်။

Taungoo said...

အိမ်ကသူငယ်ချင်းတစ်ယောက်ကတော့
ထမင်းစားတိုင်း လက်ဖက်ဗူးက အမြဲဖွင့်နေကျ။ မိုးကုတ်လက်ဖက်ကို ဝယ်ထားတာ အိမ်မှာ ပြတ်တယ်ကိုမရှိဘူး။

မေတ္တာဖြင့်

ပန်းခရမ်းပြာ said...

ဓာတ်ပုံတွေ့လိုက်ရတော့ သွားရည်တောင် ကျလာပြီ။ ဒညင်းသီးထည့်တာတော့ မစားဘူးသေးဘူး။

JulyDream said...

ကျွန်တော်လည်း လက်ဖက်သုပ် ကြိုက်တယ်ဗျ။ ကြက်ခြေနီသုပ်ကို အကြိုက်ဆုံးပဲ။ လက်ဖက် အခါးကိုတော့ သိပ်မစားဖြစ်ဘူး။ လက်ဖက်ချဉ်ကိုပဲ မရ ရအောင် ၀ယ်ပြီး စားဖြစ်တာ များတယ်။ ကြက်သွန်ဖြူလေးနဲ့ ပုစွန်ခြောက်နဲ့ဆို စားလို့ ကောင်းမှ ကောင်းပဲဗျို့။

ကိုရုပ်ဆိုး said...

ဟား .... ဟား ... ဟား...
ကိုယ်ဘဲ လ္ဘက်သုပ်ကြိုက်တယ်ထင်တာ။ အများကြီးပါလား။ ရွာသားလေးပြောသလို လ္ဘက်နံ ရတာနဲ့ ကျနော်က ဇွန်းတင် မဟုတ်ဘူး .. ထမင်းဖြူပါထည့်ပြီးပြီ။ လ္ဘက်ကို သူချည်းပဲ မစားတတ်ဘူးဗျ။ ထမင်းဖြူကို ငပိရည်နဲ့နယ် လ္ဘက်နဲ့ ထမင်းကြွေးလို့ကတော့ အို .. ဘာပြောကောင်းမလဲ ... ရှိတဲ့ ဗိုက် ရှေ့ တစ်တောင်လောက်ထပ်ထွက်အောင်ကို စားတာ။

Moe Cho Thinn said...

ရွာသားရေ
အရေး ရက်စက်လှချည့်လား။ ဒီမှာ ဘလော့ဂ်လည်ရင်း တန်းလန်း လက်ဖက်ပြေးသုပ် စားနေရလို့လေ။
အမ

Anonymous said...

အော်အော်...မရေးတော့လည်း မရေးလို့  ရေးတော့လည်း ပို့ စ် ဘယ်နှစ်ပုးတောင်ထွက်မှာလည်းမသိ စာရေးအားကတော့ ကောင်းတယ်ဗျို့  လက်ဖက်သုတ် ကျနော်လည်းကြိုက်တယ် ပဲကြော်ဆို ဒီတိုင်းဝါးပြီးရေသောက်လိုက် စကားပြောလိုက် တော်တော် အရသာရှိတယ် အခုတော့ ငတ်နေတာ ဈေးမသွားရသေးလို့  အဒေါ်တွေကို နံပါတ်နဲ့  မှတ်ထားတယ် ဟိဟိ တော်တော်နောက်တဲ့ လူပျိုကြီးး :P

တန်ခူး said...

လဘက်ကို တို့ လဲ ရက်ရက်စက်စက်ကြိုက်… ဒါပေမယ့် မစားရတာတောင်ကြာပေါ့… အစာအိမ်သမား လေသမားမို့  ရှောင်ထားရတာ… မြိုသိပ်ရတဲ့ဒုက္ခအတော်ဆိုးမှန်း လဘက်နဲ့ ဝေးမှသိတော့တယ်… ဒီလိုမှန်းသိ ဒီပို့ စ်မဖတ်ဖြစ်ပါဘူး… ပုံနဲ့ အရေးက အတော်ဆွဲဆောင်တယ်…ဟင်း….

ဇနိ said...

မမမိုးချိုသင်းပြောလို့ လက်ဖက်သုပ်လာကြည့်တာ အကပ်ပဲကျန်တော့တယ်။
ဒါလည်း ဖြစ်တယ်ဗျ ပန်းကန်အကပ်က ပိုကောင်းတယ် ဒါပေမယ့် ပုဇွန်ခြောက်လေးတော့ နဲနဲပေးပါနော။
ဒညင်းသီးလက်ဖက် သိပ်ကြိုက်တာဗျ။
ညကြီး လာကြည့်မိတော့ ပြေးသုပ်စားလို့လည်း မဖြစ်လေ..

ဖိုးဂျယ် said...

ဟင်း ကိုရွာသားကတော့ လူဆိုးပဲဗျ။ ကျွန်တော်တို.တစ်အိမ်လုံး အသေကြိုက်တာဗျ။ ဘာဟင်းမှမရှိရင်နေ လဘက်သုတ်ရှိရင် အဆင်ပြေတယ်။ ကျွန်တော်လဲ အညာသားလို.ပဲ ပြောရမှာပေါ့။ ပျဉ်းမနားဇာတိပါ။ ကျွန်တော့် မွေးစားအမေဆိုရင် "အညာသားလို.မပြောရဘူး လဘက်သုတ်ဆိုရင် ဇွန်းကမချတော့ဘူး" ဆိုပြီး ခဏခဏစတတ်တယ်။ အဲ့လိုပြောတာကိုပဲ ကျွန်တော်က ကျေနပ်နေတာ။ ဒညင်းသီးကတော့ ထည့်စားပါတယ် တခါတလေပေါ့။ ဒညင်းသီးက အမေနဲ.ကျွန်တော်ပဲ ကြိုက်တာဆိုတော့။

ဝေလေး said...

ရောက်တာနောက်ကျသွားတယ်.. နောက်တစ်ခေါက်သုတ်ကျွေးလေ.. ဟီးး
စားချင်တယ် ဗိုက်တောင်ဆာလာပြီ
ဆယ်တန်းတုန်းက လက်ဖက်ကို ကြက်သွန်ဖြူ ဆီတွေဘာတွေနဲ့ နှပ်ထားပေးတာ ဒီတိုင်းနှိုက်စား ကောင်းမှကောင်းပဲ... :P

ဇင်ယော် said...

ပုံလေးကြည့်ပြီး သားရေကျနေတာ။ ပို့ စ်ဖတ်ပြီးတော့
ဗိုက်ထဲ တဂွီဂွီတောင်မြည်နေပြီ။ နှိပ်စက်ပါ.ဗျာ။
မီးဖိုထဲ သွားချောင်းဦးမယ်။ လက်ဖက်ထုပ် ရှိသေးလားလို့ ။ မကျန်တော့ရင်တော့  အိမ်တခါး လာခေါက်ပြီးတော့ ကို တောင်းစားဦးမယ်။

သီရိ said...

ကျွန်တော် ထူးကြီး ပါ

ယဉ်ကျေး မှု.လေး ၁ ခုသတိရလို.ပါ
စေ.စပ်ပွဲတချို. မှာလည်း သတို.သမီးဘက်မှ လဘက် စားမှစေ.စပ်ပွဲ အောင်မြင် တယ်ဆိုပဲ
...................

lucas said...

hye,, BP

i like the LAPHATHOTE a lot also..
will come to u asap with YDD.
hehe

keep on,,,good job,, fri...

Unknown said...

ရေးတတ်ပါ့ ရက်စက်ပါ့ ရွာသားလေးရေ
လက်ဖက်ကို တခါတည်းပြေးသုတ်စားချင်စိတ်တောင် ပေါက်တယ် လဖက်သုတ်နည်းမျိုးစုံကို ရေးထားတာပဲ ဟုတ်ပကွယ် ဒီနိုင်ငံသားဖြစ်ရတာ တန်နေပြီဆိုတာလေး သဘောကျမိတယ် တို့ များလည်း မတည့်တာတောင် စားချင်မိရင် သေချင် သေပစေဆိုပြီး စားလိုက်တာပဲ (မသေပဲ ခံရတာပဲ ဆိုးတာ) အင်း ရွာသားလေးယူမယ့်သူတော့ ဟင်းအထူးချက်တတ်စရာမလိုဘူး လက်ဖက်သုတ်ကောင်း၂ သုတ်တတ်ဖို့ ပဲလိုတယ်