03 September 2008

ဘိုးလေးခင်မောင်အလှူ သို့မဟုတ် ကံရွာအပြန် (၁)


ကျနော်သိပ်ဖြစ်ချင်ခဲ့တဲ့ မောင်ရင်လောင်းအဖြစ်ကို မရောက်ခဲ့ပေမယ့် အလှူတစ်ပွဲကိုဖြင့် တစ်သက်တာ တစ်ခါပါဖြစ်အောင်ပါခဲ့တယ်ပေါ့…..

ကျောင်းတွေပိတ်လို့ထုံးစံအတိုင်း အဘွားအိမ်ကိုအပြန် ခြောက်တန်းစာမေးပွဲဖြေအပြီးလောက်မှာ။ ပုံမှန်လည်ပတ်မှုတွေရဲ့ အဆုံးသတ် တကယ်တမ်းက ဗိုက်ဆာလို့ပြန်လာတာပါလေ။ အိမ်ရှေ့ကခုံမှာ ဧည့်သည်တွေရောက်နေလေရဲ့။ မသိမသာ မီးဖိုချောင်ကို တိတ်တိတ်လေးသွားပေမယ့် ဒီမှာလေ အငယ်မသားဆိုပြီး အိမ်ရှေ့မှာပွဲထုတ်တော့တာပါပဲ။ ဒါနင်တို့ဘိုးလေးဦးခင်မောင်တဲ့။ တခါမှမမြင်ဘူးပေါင်။ အဘိုးရဲ့ညီတစ်ဝမ်းကွဲတဲ့။ အဘွားကပြောမှတော့ အမှန်နေမှာပဲဆိုပြီး မျက်စိတ်မှိတ်ယုံလိုက်ရတော့တာပဲ။ ဟိုးအထက်ကလာလေတဲ့ တောဂိုက်ကြီးနဲ့ဆိုတော့ အမျိုးတော်သင့်မတော်သင့် စဉ်းစားနေရသေးတယ်။ ဘိုးလေးတို့က အလှူအတွက်ပစ္စည်းလာဝယ်တာဆိုတော့မှ ဟာ ကျနော်လည်းအလှူမှာ ကိုရင်ဝတ်ချင်တယ်လုပ်တော့တာ။ အမျိုးတွေပဲဟာ တူတူလုပ်မယ်လေတွေဘာတွေဖြစ်သွားတာချက်ချင်း။ လူဆိုတော့ လိုချင်တာရှိရင်အဲလို အမျိုးမျိုးပြောင်းလဲမြန်တာနော်။ ကပ်စီးနဲတယ်ရယ်လို့နာမည်ကြီးလေတဲ့ ကျနော့ဘိုးလေးကလည်း ဟကောင်ရ ငတို့က ဖိတ်စာတွေဘာတွေရိုက်ပြီးပြီကွ ရှင်ဘယ်နှစ်ပါးလဲဆိုတာ ရွာမှာကြေငြာပြီးသားတဲ့။ မသိနားမလည်သေးတော့လည်း သြော်အင်းပါလေဆိုပြီး စိတ်လျော့ခဲ့ရတာ။

ကိုရင်မ၀တ်ရပေမယ့် အဲဒီအလှူကို ကျနော်တို့တွေ ပျော်ပျော်ကြီးသွားခဲ့ကြတယ်။ တကယ်ကိုပျော်စရာကောင်းတာ။ တစ်ခါမှမစီးဘူးတဲ့ နှစ်ထပ်သင်္ဘောကြီးနဲ့ဆိုတော့ ပျော်တာပေါ့ဗျာ။ သင်္ဘောက ဆိပ်ကမ်းကို ညဆယ်နာရီမှ ကပ်ပါတယ်။ ကျနော်တို့တက်ပြီးနေရာယူတော့ တော်တော်များကအိပ်နေကြပြီ။ ကမ်းကခွာပြီး မကြာခင်မှာပဲ မီးကို ဖွင့်လိုက်ပိတ်လိုက်သုံးခါလောက်လုပ်တယ်။ မီးတွေပိတ်တော့မှာမို့ အချက်ပြတာတဲ့လေ။ မကြာခင်မှာပဲ အမှောင်ကျသွားပါတော့တယ်။

မနက်မိုးလင်းမြင်ကွင်းတွေက အားလုံး အသစ် ရေအလယ်မှာ ဟိုဘက်ကမ်းဒီဘက်ကမ်း ကြည့်လိုက် သွားလာနေတဲ့မော်တော်တွေ ငေးလိုက်နဲ့ အလုပ်ကိုဖြစ်နေတော့တာ။ အရွယ်ရှိတဲ့ အပျိုတွေကတော့ ပြင်ပြင်ဆင်ဆင်နဲ့ သင်္ဘောဦးမှာသွားလာနေကြလေရဲ့။ ကျနော်စိတ်ဝင်စားနေမိတာက လှေငယ်လေးတွေနဲ့ သင်္ဘောကြီးရဲ့ဘေးဘက်ကို ပြေးပြေးကပ်ပြီး စားစရာတွေ လာလာရောင်းတဲ့ ဈေးသည်တွေလေ။ ဒေသထွက်စားစရာလေးတွေကိုတောင်းလေးတွေ ထဲမှာထည့်ပြီး အလုအယက် ရောင်းကြရှာတယ်လေ။

ကျနော့အထင် ခရီးက နှစ်ညအိပ်လောက်ကြာခဲ့တယ်ထင်တယ်။ ရေကြောင်းကြောင့်လည်းဖြစ်မှာပေါ့။ မင်းကင်းဆိုတဲ့မြို့ငယ်လေးကို ရောက်တော့ နေညိုတော့မယ်။ မင်းကင်းက နောက်ထပ်ဘိုးလေးတစ်ယောက်အိမ်မှာ တည်းခဲ့ရတယ်။ မိုးချုပ်ပြီမို့ ရွာကိုကူးဖို့မဖြစ်နိုင်တော့။ အမေတို့ညီအစ်မတွေကတော့ သူတို့ညီအစ်မ ၀မ်းကွဲတွေ ပြန်ဆုံတာမို့ ဟဲ့ဘယ်သူက ဘယ်မှာတုန်း အိမ်ထောင်ကျပြီဆို ကလေးဘယ်နှစ်ယောက်လဲ ဒါက ကျမကလေးလေ နဲ့ရှုပ်ယှက်ကိုခတ်နေတော့တာ။ စွာစိတို့ စွာဒလက်တို့ကောနဲ့ မေးလိုက်တာမဆုံးတော့။ အဲဒီအိမ်က လက်ဖက်ရည်ဆိုင်လေးပါ။ စည်းကမ်းကြီးတဲ့ ကျနော်တို့ အဘိုးလေးက သူ့သားရဲ့ကျောင်းစရိတ်ထောက်ပံ့ရငွေတွေကို အိမ်ရှေ့မှာ ကျောက်သင်ပုန်းထောင်ပြီး လတိုင်း ဖြည့်စွက်တယ်လေ။ သင်္ဂဟဆို လူတိုင်းသိပါတယ်။

နောက်နေ့ မနက်လင်းမှ ရွာက ဘိုးခင်မောင်တို့လှည်းနဲ့လာခေါ်ကြတယ်။ ကျီးတောင်ဦးကိုဖြတ်အပြီးမှာ ကျနော့အဘိုးရဲ့ကံရွာကိုရောက်ပါတယ်။ လှည်းလမ်းကြောင်းတစ်လျှောက် အားလုံးကိုငေးပြီးလိုက်လာတာ။ ရွာဦးက ဘုန်းကြီးကျောင်း။ လှည်းဆရာကိုရင်သာဂိက ရွာထဲဝင်လာကတည်းက ဘအုန်းကြီး သားသမီးတွေရွာအလည်လာပါတယ်ဆိုတော့ ထွက်နှုတ်ဆက်လိုက်ကြတာ အိမ်တိုင်းနီးနီး။ အားလုံးက မပျက်မကွက်ပြောကြတာက ညနေ အိမ်ဘက်လှည့်ခဲ့ပါဦးတဲ့။

ရောက်ပါပြီ ရွာလယ်က ဈေးဆိုင်ဖွင့်ထားပါတဲ့ ဘိုးခင်မောင်ရဲ့အိမ်။ ဒွေးနှင်းတင်ကတော့အိမ်ရှေ့မှာ ကြိုနေလေရဲ့။ မယ်သန်းရယ်မပါဘူးလားဆိုပြီး အဖွားကိုပါ မျှော်နေတယ်တဲ့။ နှစ်ယောက်ထဲကမ္ဘာဖြစ်နေတဲ့ ဘိုးခင်မောင်နဲ့ ဒွေးနှင်းတင်တို့ အိမ်ကို ကျနော်တို့တွေရောက်သွားတော့တာပါ။ အလှူအိမ်ကြောင့်လား ကျနော်တို့ကြောင့်လား ရှိသမျှလူတွေက အိမ်ရှေ့မှာကွက်ကြည့်ကွက်ကြည့် ကြည့်နေတာမဟုတ်ပဲ တကယ်ကို လက်ပိုက်ပြီးကြည့်နေကြတာဗျာ။ အစ်ကိုကြီးကလည်း လက်ပတ်နဲ့ ဘာနဲ့ပြီးတော့ ဘရိတ်ဒန့်ဆိုတာကိုလည်း သူက ကပြနေသေး။ ဆိုတော့ ဘယ်သူမှ အိမ်ရှေ့ကမပြန်နိုင်တော့။ ခလေးကောလူကြီးတွေကော အားလုံးမတ်တပ် ဇာတ်ပွဲကြည့်နေကြလေရဲ့။

တော်တော်လေးမှောင်မှ လူတွေရှဲသွားကြတယ်။ အကမင်းသားလည်း မောသွားလောက်ပြီပေါ့။ မီးမရှိတော့ အဖွားရွတ်နေကြစကားအတိုင်း အကြောင်းဆိုင် ဖယောင်းတိုင်ကိုင်ရတယ်တဲ့လေ။ အလှူလုပ်ဖို့က ၂ရက်လောက်လိုသေးတယ်တဲ့။

ဆက်ပါဦးမယ်။

ဓါတ်ပုံလေးကို www.allmyanmar.com ကကူးယူဖော်ပြပါတယ်

3 comments:

ကိုရုပ်ဆိုး said...

အင်း ... ကျုပ်လည်း သာစည်မှာ ကိုရင်ဝတ်တာဗျ။ အကြောင်းအရာစုံပေမယ့် တူမောင့်လိုတော့ ရေးနိုင်မယ်မထင်။ ဖတ်လိုက်တာနဲ့ ကိုယ်ပါရောယောင်ပါသွားသလို ကွက်ကွက်ကွင်းကွင်း၊ ဘာတဲ့ ... အကြောင်းဆိုင်တော့ ဖယောင်းတိုင်ကိုင်ရတယ်။ ရွာမှာတင်မဟုတ်ပါဘူးဗျ။ ရန်ကုန်မြို့တော်ကြီးမှာလည်း ... မိုးကုန်တာနဲ့ ရပ်ကွက်မှာ လူကြီးတွေ အလုပ်ရဖို့အတွက် (လော်နဲ့ လိုက်အော်တာလေ...) မီးရေး စိတ်မချရပါသဖြင့်၊ အိပ်ကာနီး ဖယောင်းတိုင်မီးများ မှုတ်ကြပါကုန်တဲ့။ ကျနော်တို့သာ ဖယောင်းတိုင်းမထွန်းရရင် ဒီလူတွေလည်း လိုက်အော်ရတဲ့အလုပ် ဘယ်လုပ်ရပါမလဲနော့။

RePublic said...

ကိုရွှာသားလေး ပို့စ်ဖတ်ပြီး ကိုယ်တိုင်ဝင် ပုံဖော်နေမိတော့တယ် ၊၊
ဆက်လက်စောင့်မျှော်နေပါတယ်ဗျာ ၊၊

ခင်မင်စွာဖြင့်...

Unknown said...

ဟင် ဖတ်လို့ ကောင်းတုံး ဆက်ပါဦးမည်တဲ့
တယ်ဆိုးတာပဲ အလှူက ထမင်းနဲ့ ဟင်း စားမယ်လို့ အားခဲထားတာ ခုတော့