31 August 2008

ဇီးပင်ကြီးတွေ သီးနေပြီလေ

အညာဒေသရယ်မို့ ဇီးပင်တွေက အပြိုင်းအရိုင်း နေရာတကာမှာပေါ့။ ဇီးပင်တွေတိုင်းက ဇီးချိုသီးတွေ မဟုတ်ခဲ့တာမို့ တစ်ချို့ဇီးပင်တွေအောက်မှာ ဇီးသီးတွေက ဝေလို့ကြွေလို့…….

အဲဒီဇီးသီးတွေကို အသုံးချခဲ့ရတဲ့ ကလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒီနှစ်ဇီးသီးတွေကောက်လို့ရတဲ့ ငွေသည် နောက်နှစ်သူ့ရဲ့ စာသင်နှစ်အတွက် ဖတ်စာအုပ် ဗလာစာအုပ်စသည် မရှိမဖြစ်လိုအပ်သည်တို့အတွက်။ ထို့အတွက်မို့ နှစ်စဉ်သူကောက်ခဲ့ရတဲ့ ဇီးသီးတွေက မနည်းမနော။ ဇီးပင်ကြီးတွေသာ စကားပြောတတ်ခဲ့ရင် သက်သေထူပါလိမ့်မယ်။

နွေနေမို့ပူပေမယ့် ဇီိးပင်တွေအောက်မှာ အေးရိပ်ထင်ခဲ့ရသူပါ။ တစ်ခါတစ်ခါ မကြွေသေးတဲ့ ဇီးသီးလေးတွေကို ဇီးပင်ကြီးကို လှုပ်ပြီးချွေခဲ့ရဖူးတယ်။ ဝေနေပေမယ့် ကောက်ယူသူမရှိတဲ့ ဒီအသီးလေးတွေကို တယုတယ ကောက်ယူခဲ့ရဖူးတယ်။ ဇီးချဉ်သီးတွေမို့ မျက်နှာငယ်ကြတယ်လေ။

ကောက်လာတဲ့ဇီးသီးတွေကို အိမ်ရှေ့သံမံတလင်းမှာ ခင်းကျင်း အခြောက်လှန်းထားရတတ်တယ်။ ခြောက်သွေ့ပြီ တစ်ခေါက်ဆာပြည့်ပြီဆိုမှ ဆာလာအိတ်ထဲကိုထည့် ကောက်တဲ့ဒိုင်ဆီကို စက်ဘီးလေးပေါ်တင်ပြီး သွားသွင်းရတယ်။ ဒိုင်က ပြည်တောင်းကြီးနဲ့ချိန်လေရဲ့။အိမ်မှာ ချိန်တုန်းက များပေမယ့် ဒိုင်ဆီရောက်ရင် လျော့လျော့သွားမြဲ။ ကောက်လာတုန်းက တနင့်တပိုး အိမ်မှာလှန်းတုန်းက ခြောက်သွေ့လာတာနဲ့အမျှ တဖြည်းဖြည်းနဲ့လျော့လာမှာပါလေ။ တစ်ပြည်မှ ၇ကျပ်သာဆိုတော့ ဘယ်လောက်ရမှာတဲ့လဲ။

နှစ်တိုင်းသီးသမျှ ဇီးသီးတွေကို အကောက်မပျက်ခဲ့။ ဇီးသီးတွေနဲ့ အဲဒီကလေးကို ဇီးသီးဒိုင်ကလည်း အမြဲအမှတ်ရမြဲ။

အခုလည်း ဇီးပင်ကြီးက ဇီးသီးတွေသီးနေပြီလေ………..


ဟိုး………..အတိတ်ဆိုတာ မမေ့ကောင်းတာမို့ ဇီးပင်ကြီးတွေကိုအမြဲအမှတ်ရဆဲ

4 comments:

JulyDream said...

အမှတ်တရ ဇီးယိုထိုးမလို့လား ဟင်...

ရွှေပြည်သူ (ShwePyiThu) said...

မျက်စိထဲမှာ မြင်လာတဲ့အထိ အဲဒီနေရာကို ရောက်သွားသလိုအထိ ရေးနိုင်ပါတယ် ကိုရွာသားလေးရေ...

RePublic said...

ပုံပြင် ဟောင်းတစ်ပုဒ် စီ လူတိုင်း ကိုယ်စီမှာရှိကြတတ်ပါတယ် ၊၊ ငယ်ငယ်က လက်မောင်းပေါ်မှာ ထိုးခံရတဲ့ ကျောက်ဆေးလိုပေါ့ ၊၊ အမာရွှတ် လေးကြည့်ပြီး တမ်းတမ်းတတ မိန်းမော ရင်းပေါ့ ကိုရွှာသာလေးရေ ၊၊ တစ်ချို့ ကတော့ အမာရွှတ်လေး ကို အမှတ်တရရှိ မနေတတ်ခဲ့ပါဘူး၊၊

စိတ်ကူးပေါ်တာရေးလိုက်တာပါ ၊၊

Unknown said...

ဟုတ်တယ် အတိတ်ဆိုတာ မမေ့ကောင်းဘူး
ခုလို ဘ၀မှာအမှတ်တယဖြစ်စေခဲ့တဲ့ အဖြစ်မျိုးတွေ ကိုပေါ့