28 August 2008

ငှက်တစ်ကောင်အတွက် လေ့ကျင့်ခန်း


ငှက်တစ်ကောင်က မွေးကင်းစမှာတော့ ဘယ်ပျံသန်းနိုင်မလဲနော်။ သူ့အတွက် ထိုက်သင့်တဲ့ အလေ့အကျင့် နည်းစနစ် ခွန်အားတွေပြည့်စုံဖို့လိုတာပေါ့။

ကျနော်ငယ်ငယ်က ငှက်တစ်ကောင်လိုပါပဲ။ ဘာမှမလုပ်တတ်သေးတဲ့ အချိန် လိုအပ်တဲ့ လေ့ကျင့်ခန်းတွေ သင်ပေးခဲ့တဲ့ အမေနဲ့အဖေက အဓိကပေါ့။ တဖြည်းဖြည်းနဲ့ ကြုံဆုံလာတဲ့ လူတွေက သင်ခန်းစာတွေ ပေးခဲ့ကြတာပါပဲ။ ဒါပေမယ့် မပြည့်စုံနိုင်သေးပါဘူး။

အမြဲအမှတ်ရစေမယ့်လေ့ကျင့်ခန်းကို စက်ဘီးလေးတစ်စီးက စတင်ခဲ့ပါတယ်။ စက်ဘီးလေးကို သူများကလေးငယ်တွေလို ကျနော်လည်း သိပ်လိုချင်ခဲ့တာ။ မစီးတတ်ပေမယ့် စီးချင်လိုက်တာလို့ စိတ်ထဲမှာတဖွဖွညည်းခဲ့ဖူးတယ်။ ၀န်ထမ်းသားသမီးလည်းဖြစ်ပြန် အမေကလည်း စစ်စစ်စီစီ ရှိတော့ ကျနော် ၄တန်းထိရတဲ့ မုန့်ဖိုးက တနေ့၂၅ပြား။ ဒါပေမယ့် တကယ်တမ်းရတာက ၂၅ပြားမဟုတ်။ ၁၀ပြား ဒါမှမဟုတ် ၁၅ပြားထဲရယ်။ ကျန်တဲ့ငွေတွေကော။ ကျန်တဲ့ငွေကို can ဗူးလေးထဲမှာ ထည့်ရပါတယ်။ စက်ဘီးဝယ်ဖို့ပါ။ အပြင်က ရလာတဲ့မုန့်ဖိုးတွေအားလုံး အဲဒီဗူးလေးထဲကို ထည့်ရပါတယ်။ အဲဒီဗူးလေးကို တစ်ပတ်တစ်ခေါက်လောက်တော့ လက်ညှိုးနဲ့နှိုက် ပိုက်ဆံရီရတာအမော။

၎တန်းအောင်လို့မြို့ကိုပြန်တော့ ပိုက်ဆံဗူးကိုဖောက်ပြီး လိုသလောက်ကို အိမ်ကစိုက်ပြီး စက်ဘီးတစ်စီးဝယ်ပေးခဲ့တယ်။ သူတို့ပေးထားတဲ့ကတိကို သူတို့တည်ခဲ့သလို ကျနော့ဖက်ကလည်းကျနော်ပေးထားတဲ့ကတိကိုတည်ခဲ့တာကြောင့်ပါ။ စက်ဘီလေးက ကလေးစက်ဘီးလည်းမဟုတ် လူကြီးစက်ဘီးလည်းမဟုတ်။ ထိုင်ခုံလေးက အပေါ်ကိုရှည်ထွက်နေလေရဲ့။ အနိမ့်အမြင့်ကိုလည်း ကစားလို့ရတယ်လေ။

စက်ဘီးလေးရလာတော့ စက်ဘီးစီးသင်တန်းစတော့တာပေါ့။ အဖေက ဘီးလုံးလေးတွေပါတဲ့ ဒေါက်ကလေးနှစ်ခုကို ငှားလာခဲ့တယ်။ စက်ဘီးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာတပ်လိုက်တော့ မလဲနိုင်တော့ဘူးတဲ့လေ။

လေ့ကျင့်ကွင်းကတော့ ကျနော်တို့မြို့က အားကစားကွင်းက တင်းနစ်ကွင်းလေးမှာပါ။ တင်းနစ်ကွင်းဆိုတော့ ကွန်ကရစ်အကြမ်းလေးမှာပါ။ သင်ခါစကတော့ အိုကေတယ်။ အဖေက နောက်က တောက်လျှောက်လိုက် ထိန်းပေးနေတာကိုး။ တဖြည်းဖြည်းနဲ့ အဖေကလက်လွှတ်ချင်လာတယ်။ သူလည်း လိုက်ရတာမောရောပေါ့။ သူလွှတ်လိုက်တာနဲ့ ကျနော်ကလည်း ထိုးရပ်တော့တာ။ ခဏခဏလဲတာကလည်း အကြိမ်ကြိမ်။ ဒူးတွေပြဲ လက်တွေပွန်း။ ဒဏ်ရာတွေကများတော့ နောက်နေ့ ကွင်းကို သွားရမှာကြောက်နေမိတယ်။ အဖေ့ကိုလည်းကြောက်ရတာမို့ နောက်နေ့လည်း ကုပ်ခြောင်းခြောင်းနဲ့လိုက်ရမြဲ။

လဲကျတိုင်း အဖေက အမြဲပြောတယ်။ ဘယ်လိုထိန်းရမယ် ဘယ်လိုခြေထောက်ထောက်ရမယ် စသည်ဖြင့်။ ဆက်မသင်ချင်ဘဲရပ်ပစ်လိုက်ချင်တာ။ အဖေ့ကိုအားနာလို့ ကြောက်လည်းကြောက်လို့။ အဲဒါနဲ့ ကွင်းထဲမှာ အောင်မြင်ခဲ့တယ်ပေါ့ဗျာ။

အားကစားကွင်းက ကျနော်တို့အိမ်နဲ့ တော်တော်လေးလှမ်းပါတယ်။ အရင်က အဖေက စက်ဘီးကြီးကိုနင်း လက်တစ်ဖက်က စက်ဘီးလေးကိုဆွဲ နောက်ကွယ်က ကျနော်ပေါ့ဗျာ။ ကွင်းထဲမှာတတ်ပြီဆိုတော့ မရပ်သေးပဲ ကွင်းအပြင်သင်တန်းစပါတော့တယ်။

ကျနော်တို့မြို့လေးကငယ်ပါတယ်။ ကားတွေလည်းမရှုပ်ပါဘူး။ စက်ဘီးကတော့ များပါတယ်။ ကလင်ကလင်သံတွေကို ဆူညံနေတတ်တာ။ ကွင်းကနေအပြန် ကိုယ့်ဘာသာကိုနင်းလာရမယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့ဗျာ။ ဟိုယိုင်ဒီယိုင် စိတ်ကလည်းမရဲ (မရဲဘဲ ကျွဲဗြဲစီးဆိုသလို)။ အကြောက်အကန်ငြင်းပေမယ့် အဖေက တစ်ချက်ကြည့်လိုက်တယ်ဆို စက်ဘီးလက်ကိုင်ကို ကိုင်ရတော့တာပါပဲ။ အစနေ့တွေမှာ ဘေးနှစ်ဖက်ကဘီးလုံးလေးတွေ တပ်ခွင့်တောင်းဆိုလိုက်ပါတယ်။ တပ်ခွင့်ပေးပေမယ့် အဖေက သူများအားကိုးတယ်ဆိုတဲ့ စကားကိုဆိုခဲ့တယ်။ မခံချင်စိတ်ကိုနှိုးဆွပေးတာပါ။ ဒုတိယနေ့မှာတော့ ဟန်အပြည့်နဲ့ ကြောက်စိတ်ကိုဖုံးကွယ်ပြီး အကူဘီးလုံးလေးတွေကို ဖြုတ်ပစ်ခဲ့တယ်။ အဲလိုတောင်နင်းမြောက်နင်း နင်းရင်းကနေ အပြင်မှာလည်း စက်ဘီးကောင်းကောင်းစီးတတ်ခဲ့ပါတယ်။ အခုဆို လက်နှစ်ဖက်လွှတ်စီးလို့တောင်ရနေပြီလေ။

ကျနော့ဘ၀မှာ အကြိမ်ကြိမ်လဲကျခဲ့ပါတယ်။ စိတ်ဓါတ်ကျအားငယ်တဲ့အခါတိုင်း အဲဒီစက်ဘီးစီးသင်တန်းလေးကို မျက်စိထဲမှာမြင်ယောင်လာရင်း လဲနေရာကနေ ပြန်ပြန်ထနိုင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ပျော့ညံ့တဲ့စိတ်တွေမောင်းထုတ်ပြီး အားလုံးကို အောင်မြင်နိုင်မှာပါဆိုတဲ့ စိတ်ကို အဲဒီလေ့ကျင့်ခန်းက ရခဲ့တာပါ။

ငှက်ငယ်လေးအခုတော့ ပျံနေပြီလေ………………..

ဓါတ်ပုံလေးရဲ့ထောင့်မှာ ပိုင်ရှင်ရဲ့ ကော်ပီရိုက်ကလေးပါပါတယ်။

7 comments:

ရွှေပြည်သူ (ShwePyiThu) said...

အခုတော့ စက်ဘီးကို ပျော်ပျော်ကြီးစီးနေပြီပေါ့ ကိုရွာသားလေးရေ...း) စက်ဘီးစီးတာတို့ ရေကူးတာတို့က တစ်ခါတတ်ပြီးရင် မမေ့တော့ဘူးတဲ့။ အဲဒီလိုပဲ လဲကျတဲ့အချိန်မှာ ပြန်ထတတ်တဲ့သူကလည်း နောင်လဲကျတိုင်း ပြန်ထနိုင်စွမ်းတွေ ပြန်ထဖို့အသိဥာဏ်တွေ အမြဲရှိနေမှာပါပဲ။ တွေးမိတာလေးပါ...း)

RePublic said...

အကြိမ်ကြိမ်လဲကျပါစေဗျာ ၊၊ လဲကျ မိတဲ့ ဒဏ်ရာအကြိမ် တိုင်းဟာ ရှေ့ဆက် မတ်တည်ဖို့ ခွန်အားတွေ အဖြစ်တော့ ပြောင်းပစ်ဖို့တော့ လိုအပ်တယ်... ကိုရွာသားလေးရ

Anonymous said...

လဲကျတိုင်းပြန်ထနိုင်တော့ အားကျပါတယ်ဗျာ ကျနော်လည်း မရှိမယ့် ရှိမယ့်အားလေးနဲ့  ခဏခဏ ပြန်ထဖူးတယ် ဒီလိုမျိုးလည်း လဲလိုက် ထလိုက်ဖြစ်နေအုံးမှာပါပဲ ။

ကိုရုပ်ဆိုး said...

လဲကျတိုင်း ကိုယ့်ဘာသာကိုယ် ထနိုင်တဲ့အခါ ရှိသလို၊ မထနိုင်တဲ့အခါ ဖေးကူဖို့ လက်တစ်စုံလည်း လိုတယ်နော်။ ရွာသားလေးအဖေ ပြောသလို၊ သူများအားကိုးတာတော့ မဟုတ်ဘူး ...။ ကိုယ်တွေ့မို့ ပြောတာ...။ သီတင်းလည်း ကျွတ်တတော့မယ်ဆိုတော့ မြှောက်ပေးတာကွ ... :D

တန်ခူး said...

ငှက်ငယ်လေး အမြင့်ဆုံးကို ပျံသန်းနိုင်ပါစေ…

Unknown said...

သိပ်ကောင်းတဲ့ သင်ခန်းစာလေး ရလိုက်တယ်
ခု ငှက်ငယ်လေးဟုတ်တော့ဘူးနော့
ဆိုတော့ကာ ပိုရင့်ကျက်တည်ငြိမ်ပြီး အရာအားလုံးကိုအောင်မြင်အောင် ကျော်ဖြတ်နိုင်တဲ့ သူဖြစ်ပါစေ

Unknown said...

အော် ဒါနဲ့  ငှက်ငယ်ကြီး ပြောဖို့ ကျန်သွားတယ်
စက်ဘီးကို လက်၂ ဖက်လွှတ်စီးသလို ဘ၀ကိုတော့ လွှတ်မစီးလိုက်နဲ့ နော် သတိ အန္တရယ် ရှိသည် အမောင်ငယ်