16 August 2008

အညတရရုပ်ပုံလွှာ

ကျနော်ပန်းချီမဆွဲတတ်ပါဘူး။ ဒါပေမယ့် ပုံဖော်ကြည့်ချင်တယ်…..

ကိုယ်တိုင်က အညတရတစ်ယောက်ဆိုတော့ အညတရဘ၀တွေကို စိတ်ဝင်စားပါတယ်။ ဆရာမြသန်းတင့်လည်းရေးဖူးတယ်ထင်တယ်။

ညနေခင်းတစ်ခု ရုံးကအပြန်မှာ အရင်အလုပ်က ညီတစ်ယောက် ဖုံးဆက်ခေါ်တာနဲ့ အပြေးအလွှားပြန်အလာပေါ့။ ဘတ်စ်ကားပေါ်ကိုတက်တော့ အရမ်းကြပ်နေခဲ့ပြီ။ အောက်မှာ ရပ်နေဖို့လည်းမဖြစ်နိုင်တော့တာမို့ အပေါ်ထပ်တက်လိုက်ရတယ်။ အပေါ်မှာလည်း နေရာမရှိခဲ့။ ဖြစ်သလိုပဲ လှေကားနားက နေရာလေးမှာ ကပ်သပ်ရပ်လိုက်ရတယ်။

ညီငယ်ကလည်း သူစောင့်နေတဲ့နေရာကို ရောက်ခါနီးပြီလားလို့ ဖုံးဆက်မေးတော့ ကျနော်က နောက် ၄၅ မိနစ်လောက်မှရောက်မှာပါလို့ ရယ်ကျဲကျဲ ပြောလိုက်ရတယ်။ နောက်နားက ဟုတ်တယ်အစ်ကိုတဲ့ ၄၅ မိနစ်တော့ အသာလေးပဲတဲ့။ အိုး သူလည်းဗမာပဲကိုး။ အဲဒီကစလို့သူနဲ့စကားပြောဖြစ်တယ်။

စစချင်းတော့ ဘယ်လောက်ကြာပြီလဲ အဆင်ပြေလား ဘာလားပေါ့။ သူကတော့ အဆင်မပြေဘူးအစ်ကိုတဲ့။ အစ်ကိုတို့ကတော့ ပြေမှာပါဗျာတဲ့။ ကျနော်က WP နဲ့လုပ်နေတာတဲ့။ ရောက်နေတာ ၂ နှစ်ရှိပြီဆိုပဲ။ ပိုက်ဆံစုမိပြီလားဆိုတော့ မချိုမချဉ်လေးပြုံးရှာတယ်။ သူ့အသက်ကို မေးကြည့်တော့ ၂၂ တဲ့။ အသက် ၂၀ထဲက ထွက်လာရတာပေါ့။ နောက်တော့…

ကျနော်က မြင်းခြံသားတဲ့။ မိဘနဲ့အငယ်နှစ်ကောင်က ဟိုမှာဘဲ အငယ်တွေက ကျောင်းတက်တုန်းတဲ့။ တလမှ ၄သိန်းလောက်ရတာတဲ့။ အိမ်ကို ၂ သိန်းပုံမှန်ပို့ရတယ်တဲ့။ ၂သိန်းလောက်မှ အိမ်စရိတ်က ကာမိမှာတဲ့။ အမေ့ကလည်းနေသိပ်မကောင်းဘူးတဲ့။ အလုပ်ပြောင်းချင်တာ တော်ကြာအလုပ်ပြုတ်နေမှာစိုးလို့တဲ့။ ဒီမှာ အလုပ်ပြုတ်ရင် ဟိုမှာငုတ်တုတ်နေကြရမှာတဲ့။ အလုပ်ကပုံမှန်မရှိဘူးတဲ့။ အလုပ်မရှိရင်လစာ မရဘူးပေါ့။ သူတို့ အလုပ်က နာရီနဲ့ပေးတာတဲ့။ ပြီးတော့ သူက အဝေးသင်နဲ့ ဘွဲ့ရပြီးသားတဲ့။ ဒီမှာကျောင်းဆက်တက်ချင်လိုက်တာတဲ့။ စရိတ်ကလည်းကြီး အချိန်ကလည်းပေးရမှာ။ မဖြစ်နိုင်ပါဘူးအစ်ကိုရာတဲ့။ ထမင်းစားဖို့တောင်အနိုင်နိုင်။ အိမ်ကတော့အထင်ကြီးနေမှာပဲ ငါ့သားနိုင်ငံခြားမှာ လုပ်နေတာပေါ့။ တယ်ဟုတ်ပါလားပေါ့။ ဒီမှာ ကြုံတွေ့နေရတဲ့ တကယ့်အခက်အခဲတွေကို ဘယ်ပြောဖြစ်မှာလဲအစ်ကိုရာတဲ့။အဆင်ပြေလား အဆင်ပြေတယ်ပေါ့။ခုတစ်လော အလုပ်မရှိလို့ သူဌေးဆီလာပြီး လေယာဉ်လက်မှတ်ခ လာတောင်းတာပါတဲ့။ ခွင့်ရရင်ပြန်မယ်တဲ့။ ဟိုပြန်ပြီး ဘွဲ့လက်မှတ်လေးထုတ် ဒီပြန်လာပြီး အလုပ်ပြောင်းချင်လိုက်တာတဲ့။

ဒါနဲ့ အလုပ်မရှိရင်ဘာနဲ့စားလဲဆိုတော့ သူတို့ရုံးက အသိတွေနဲ့ အချိန်ပိုင်းအလုပ်လုပ်ပါတယ်တဲ့။ နာရီပိုင်းပဲပေါ့။ အခန်းတွေပြင်တာ မီးကြိုးတွေဆွဲတာ လုပ်တာလေအစ်ကိုတဲ့။ ကျနော့ဘွဲ့လက်မှတ်ထုတ်လာပြီးရင်တော့ သင့်တော်တဲ့ အလုပ်လေး ရနိုင်ကောင်းပါတယ်နော်တဲ့။

တကယ်လို့ အလုပ်မရှိလို့ ဟိုပြန်ရရင်ရော ဘာလုပ်မလဲဆိုတော့။ အရင်တုန်းကလုပ်ခဲ့ဖူးတဲ့ ပန်းရံပဲလုပ်မယ်လေအစ်ကိုတဲ့။ ကျနော်တို့အရပ်မှာ အဲဒါအလုပ်ပေါတယ်တဲ့။ ကဲ...........ကျနော့အလုပ်မှာ ဘွဲ့ရ နေ့စား အလုပ်ကြမ်းလာလုပ်နေတဲ့လူတွေတွေ့နေကြလေ။ လာပြန်ပြီနောက်တစ်ယောက်ပေါ့။

အင်း ဒီနိုင်ငံမှာ သူတို့နိုင်ငံသားတွေ ဘွဲ့ရမပြောနဲ့ ဒစ်ပလိုမာနဲ့ ပြီးရင်တောင်မှ အလုပ်ကောင်းကောင်းရနေကြပြီ။ သူလိုဘွဲ့ရဆိုတော့ နှမြောစရာပါ။ ဟိုမှာ ကျနော့လက်အောက်က ဘွဲ့ရလေးတွေလည်း ရလှ ၃သောင်း ၄သောင်းပေါ့။ ခုတော့ရှိသမျှလူငယ်တွေအားလုံး အပြင်ထွက်မယ်ဆိုတာချည်း။ ဒါကို ဦးနှောက်ယိုစီးမှု တိုင်းတပါး အထင်ကြီးမှုလို့ခေါင်းစဉ်တပ် တလွဲဆံပင်ကောင်းလိုက်ပြီး နိုင်ငံရဲ့ လူငယ်တွေ အဝေးမှာရောက်နေကြ ၊ ကိုယ့်နိုင်ငံရဲ့ ပျက်စီးမှု ဆုတ်ယုတ်မှုတွေကို အဟုတ်ကြီးလုပ်ပြီးထိုင်ကြည့်နေ ၊ ရှေ့ကနေလည်း မသွား နောက်ကနေလည်းမလိုက်ချင် ဘေးတိုက်တောင်မှ တွန်းထိုးပြီးတိုက်ချင်နေတဲ့ ဂဏန်းတွေဆိုတော့လည်း ခက်သားလား….....

4 comments:

ပန်းချစ်သူ said...

ဖြစ်ချင်တာထက် ... ဖြစ်နေသောဘ၀လေး ကို အကောင်းဆုံးဖြစ်အောင် ..ကြိုးစာနေသော လူငယ်လေးတစ် ယောက်ကို ဂုဏ်ယူပါတယ် လို. ....။

ကိုရုပ်ဆိုး said...

ရွာသားရေ ... ငါလည်း မင်းတို့ဆီလာပြီး ဦးဏှောက်ယိုစီးရင်ကောင်းမလားလို့ စဉ်းစားနေတယ်။ မင်းကိုလာ ဒုက္ခပေးမှာနော်၊ ဒီကောင်လေးလိုတော့ ရင်ဖွင့်ရုံတွင်မဟုတ်ဘူး။ အလုပ်ပါ ရှာပေးရမှာ .... :)

RePublic said...

ကောင်းကင်ကို မော့ကြည့်လိုက်တော့ တောင်ထိပ်ကအမြင့်ကြီး ၊၊
အောက်ငုံ့ကြည့်လိုက်ပြန်လည်း ချောက်ကမ်းပါးအနက်အနက်ကြီးဗျာ ၊၊
ကိုယ်တိုင်မယိုင်လဲအောင် ကြိုးစားနေဆဲမို့ ကိုယ်ချင်းစာတယ်ဗျာ ၊၊ ၊၊

Unknown said...

အင်း ဦးဏှောက်ယိုစီးမှုဆိုပါလား ကိုယ်တိုင်လည်း ဒီယိုစီးမှုထဲမှာ အလိုက်သင့်မျှောပါနေခဲ့တာကတော့ အပြစ်တခုမဟုတ်လောက်ပါဘူးနော် (အဖော်ညှိကြည့်တာ) ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်နေတာပဲလေလို့ ပဲ ဖြေသိမ့်ရတော့မှာပေါ့
ဂဏန်း ဆိုရင် တို့ က စားလို့ ရတဲ့ဟာပဲသိတာနော့